စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ကာတာနိုင်ငံ ဒိုဟာမြို့တွင် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂ ရက်မှ ၂၀၂၄ ခုနှစ် မတ် ၂၈ ရက်အထိ ခြောက်လကြာကျင်းပမည့် “Horticulatural Expo 2023” တွင် မြန်မာနိုင်ငံကိုယ်စားပြု ပြခန်းဆောင်ပါဝင်ပြသမည့်အစီအစဉ်များနှင့် ပတ်သက်၍ လိုအပ်သည်များမှာကြားသည်။
အဆိုပါ ကုန်စည်ပြပွဲတွင် မြန်မာပြခန်းဆောင်တာဝန်ခံအဖြစ် ဆောင်ရွက်မည့် Treasure Cap Group of Companies မှ တာဝန်ရှိသူများက မြန်မာပြခန်းဆောင် ဒီဇိုင်းရေးဆွဲထားမှု၊ ပြပွဲကာလအတွင်း ထည့်သွင်းကျင်းပမည့်အစီအစဉ်များနှင့် ပြပွဲတွင် မြန်မာပြခန်းဆောင် အောင်မြင်စွာပါဝင်ပြသနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများကို ရှင်းလင်းတင်ပြကြရာ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းပေးပြီး လိုအပ်သည်များ မှာကြားသည်။
အဆိုပါအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
Source: မြန်မာ့အလင်းသတင်းစာ