Local News

ရမ်းဗြဲမြို့နယ်မှထွက်ရှိသည့် ကမာနှင့်ကျောက်ငါးများကို ရန်ကုန်တိုင်းဒေသကြီးသို့ အဓိကတင်ပို့လျက်ရှိ

Last Updated:

ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် ရမ်းဗြဲမြို့နယ်မှထွက်ရှိသည့် ကမာနှင့်ကျောက်ငါးများကို ရန်ကုန်တိုင်းဒေသကြီးသို့ အဓိကတင်ပို့လျက်ရှိကြောင်း ရမ်းဗြဲမြို့နယ် ကမာနှင့်ကျောက်ငါးမွေးမြူရေးပိုင်ရှင် ဦးခင်မောင်အေးက ပြောပြ၍ သိရသည်။

အဆိုပါ ကမာနှင့်ကျောက်ငါးမွေးမြူရေးလုပ်ငန်းများကို ရမ်းဗြဲမြို့နယ်အတွင်းရှိ သဇင်တန်ပေါက်တံတားအနီး ချောင်းရေပြင်တွင် ဝါးဖောင်များဖြင့် စီးပွားဖြစ်မွေးမြူနေကြခြင်းဖြစ်ပြီး ထွက်ရှိလာသည့် ပင်လယ်စာရေထွက်ကုန်များကို ရန်ကုန်တိုင်းဒေသကြီးရှိ ဟိုတယ်၊ မိုတယ်၊ စားသောက်ဆိုင်များသို့ ဖြန့်ဖြူးတင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့က ကမာနဲ့ကျောက်ငါးမွေးမြူရေးလုပ်ငန်းကို ၂၀၁၈၊ ၂၀၁၉ ခုနှစ်လောက်ကစပြီးတော့ မွေးဖြစ်တာပါ။ အဓိကလုပ်ကိုင်နေတဲ့ ရေလုပ်ငန်းကတော့ ခြောက်မျိုးလောက်ရှိတယ်။ ဝယ်ရောင်းအနေနဲ့ ကျောက်ပုစွန်၊ ကင်းပုစွန်နဲ့ ကဏန်းပျော့ကို လုပ်ကိုင်ပါတယ်။ ကဏန်းပျော့ကိုတော့ ကိုယ့်ဆီမှာ ၄၅ ရက်မွေးမြူထားရတယ်။ ပြီးမှ ကျောက်ဖြူက အအေးခန်းစက်ရုံတွေကို သွားသွင်းပါတယ်။ ကမာနဲ့ ကျောက်ငါးကို မွေးထားပြီးတော့ ရောင်းတမ်းဝင်အရွယ်ရောက်မှ ရန်ကုန်မြို့နဲ့ ငပလီတို့မှာရှိတဲ့ ဟိုတယ်ကြီးတွေ၊ စားသောက်ဆိုင်တွေနဲ့ ရေလုပ်ငန်းကုန်စည်ဒိုင် ဈေးကွက်တွေကို အဓိကထားပို့ပါတယ်” ဟု ကမာနှင့် ကျောက်ငါးမွေးမြူရေးပိုင်ရှင် ဦးခင်မောင်အေးက ပြောပြသည်။

ကမာကောင်များမှာ ရောင်းတမ်းဝင် အရွယ်အစားတစ်ကောင်လျှင် ငွေကျပ် ၁၅၀၀ မှ ၂၅၀၀၊ ကဏန်းပျော့မှာ တစ်ကီလိုလျှင် ငွေကျပ် ၁၄၅၀၀၊ ကျောက်ပုစွန်နှင့် ကင်းပုစွန်ဆိုပါက တစ်ကီလိုလျှင် ငွေကျပ် ၁၅၀၀၀၀ ရှိပြီး ကျောက်ငါးဈေးမှာ တစ်ကီလိုတစ်ကောင်လျှင် ငွေကျပ် ၆၅၀၀၀ မှ ၇၀၀၀၀ ထိရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News