Local News

ခရမ်းသီးများလှိုင်လှိုင်ထွက်ပေါ်၍ ဈေးကျ

Last Updated:

ခရမ်းသီးပင်ကို တစ်နှစ်ပတ်လုံးစားသုံး၍ ရအောင်စိုက်ပျိုးကြသည်ဟုဆိုသော်လည်း ဆောင်းတွင်းကာလ၌ နှင်းသက်တက်၍ အပင်ဖြစ်ထွန်းနည်းပြီး  အထွက်နှုန်းနည်းတတ်ပါသည်။ ယခုအခါနွေဦးရာသီသို့ ရောက်ရှိလာပြီဖြစ်၍ နှင်းလွတ်သွားသောကြောင့် ခရမ်းသီးပင်များဖြစ်ထွန်းမှု အားကောင်းလာပြီး ခရမ်းသီးများလှိုင်လှိုင်ထွက်ပေါ်နေပြီဖြစ်ပါသည်။ ခရမ်းသီးသည် နေရာဒေသမရွေး စိုက်ပျိုးနိုင်သည့် ဒေသထွက်သီးနှံတစ်မျိုးဖြစ်ပြီး မြစ်ရေကျ မြေနု လွင်ပြင်များတွင်လည်း အများဆုံး စိုက်ပျိုးကြသည်။ ယခင်လများက ပြင်ဦးလွင်နှင့် ရှမ်းပြည်နယ်ဘက်မှ အသီးများသာ မန္တလေးဈေးကွက်အတွင်း ဝင်ရောက်ခဲ့သော်လည်း ယခုလတွင် ကျောက်ဆည်၊ စဉ့်ကိုင်၊ ပလိပ် ဒေသထွက် ခရမ်းသီးများ အများအပြား ဝင်ရောက်လျက်ရှိပါသည်။ ဒီဇင်ဘာလအတွင်း၌ ခရမ်းသီးအကြီးမျိုး(၂၅)ကျပ်သားလျှင် (၈၀၀)ကျပ်၊ ခရမ်းကြွပ်သီး(၂၅)ကျပ်သားလျှင် (၁၂၀၀)ကျပ် ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ယခု မတ်လဆန်းပိုင်းတွင် ခရမ်းသီးအကြီး(၂၅)ကျပ်သားလျှင် (၄၀၀)ကျပ်၊ ခရမ်းကြွပ်သီး (၂၅) ကျပ်သားလျှင် (၆၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိခြင်းကြောင့် ခရမ်းသီးဈေးနှုန်းများ သိသိသာသာကျဆင်းလျက်ရှိကြောင်း ဈေးကွက်အတွင်းမှ သိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News