Local News

လာမည့်ထောပတ်သီးရာသီတွင် အိန္ဒိယနိုင်ငံသို့ ထောပတ်သီးတန်ချိန် ၁၀၀၀ တင်ပို့သွားနိုင် ရေးစီစဉ်ဆောင်ရွက်

Last Updated:

          လာမည့်ထောပတ်သီးရာသီတွင် အိန္ဒိယနိုင်ငံမှ ထောပတ်သီးတန်ချိန် ၁၀၀၀ ဝယ်ယူရန် ကမ်းလှမ်းထားရှိမှုများရှိနေ၍ တင်ပို့ရောင်းချသွားရန် စီစဉ်ဆောင်ရွက်ထားရှိကြောင်း မြန်မာ နိုင်ငံထောပတ်သီး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးမျိုးညွန့်ထံမှ သိရသည်။

        အဆိုပါ မြန်မာထွက်ကုန်ထောပတ်သီးများ၏ ရာသီချိန်သည် နိုင်ဝင်ဘာလမှ စတင်ထွက်ရှိပြီး လာမည့်နှစ် ဖေဖော်ဝါရီလအထိ ရာသီချိန်ဖြစ်၍ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် တင်ပို့ ရောင်းချသွားမည်ဖြစ်ကြောင်း၊ ရောင်းချနိုင်ရေးအတွက် အိန္ဒိယနိုင်ငံ သစ်သီးကုန်သည် အဖွဲ့အစည်းမှ လာမည့်ထောပတ်ရာသီတွင် တန်ချိန် ၁၀၀၀ ကမ်းလှမ်းထား၍ တင်ပို့ရောင်းချ သွားမည်ဖြစ်ကြောင်း သိရသည်။

          “အိန္ဒိယကို လာမယ့်ထောပတ်ရာသီမှာ တင်ပို့ရောင်းချသွားမှာပါ။ အိန္ဒိယကုန်သည်တွေက မြန်မာထောပတ်သီးကို ၂၀၁၉ ခုနှစ်ကနေစပြီးတော့ ရှမ်းပြည်နယ် တောင်ကြီးမြို့အထိ လာရောက်ဝယ်ယူတာရှိပါတယ်။ မြန်မာနိုင်ငံအနေနဲ့ သစ်သီးဝလံပြပွဲမှာ မြန်မာထောပတ်သီးကို သွားရောက်ပြသခဲ့ပါတယ်။ မြန်မာထောပတ်သီးကို ကြိုက်နှစ်သက်ကြပါတယ်။ ထောပတ်သီးတွေကတော့ အရည်အသွေးကောင်းဆိုဒ်တွေ မီဖို့လိုပါတယ်။ တင်ပို့သွားမှာက တော့ Hass မျိုး ထောပတ်သီးကို အဓိကထားတင်ပို့သွားမှာပါ။ တမူးနယ်စပ်ကုန်သွယ်ရေး စခန်းကနေ Border Trade တင်ပို့မှာပါ။ ဥရောပနိုင်ငံတွေကလည်း ချိတ်ဆက်လာတာရှိပေမယ့် သယ်ယူစရိတ်ကြီးမြင့်လို့ အဲဒီဘက်ဈေးကွက်ကို လက်လွတ်ထားပြီး အာရှဈေးကွက်ကို အာရုံ စိုက်ပြီးတော့ ဆောင်ရွက်နေပါတယ်”ဟု ၎င်းက ရှင်းပြသည်။

          ပြည်တွင်း၌ ထောပတ်သီးစိုက်ဧက ၂၀၂၀ ပြည့်နှစ် စာရင်းများအရ ဧက ၂၀၀၀၀ ခန့်ရှိ၍ ချင်းပြည်နယ်ဘက်တွင် စိုက်ပျိုးနိုင်ခြင်းမရှိသော်လည်း အခြားဒေသများ၌ စိုက်ပျိုးထုတ်လုပ်သူတိုးလာနေပြီး တစ်ဧကလျှင် Export Quality ထောပတ်သီးတန်ချိန် ၅၀၀၀ မှ ၁၀၀၀၀ ကြား ထွက်ရှိကြောင်း သိရသည်။

Source: မြန်မာ့အလင်းသတင်းစာ

Category: Local News