Local News

ပြည်တွင်းမြေပဲဆီဈေး အနည်းငယ်မြင့်တက်လာတာကြောင့် မြေပဲဆန်နှင့် နှမ်းမျိုးစုံ စံချိန်တင်ပေါက်ဈေး ဖြစ်လာ

Last Updated:

ရွှေမန်း

     ပြည်တွင်းမြေပဲဆီဈေး အနည်းငယ်မြင့်တက်လာတာကြောင့် မြေပဲဆန်ဈေးနှင့်နှမ်းမျိုးစုံ စံချိန်တင်ဈေးမြင့်တက်လာကြောင်း ပဲနှမ်းကုန်သည်များထံက သိရသည်။ ယခုသီတင်းပတ်တွင် ဈေးပြန်မြင့်တက်လာသည့် ပို့ကုန်ပဲများ ဈေးတည်ငြိမ်နေပြီး ပဲစင်းငုံတစ်မျိုးသာ ဈေးဆက်လက်တက်လာကြောင်း၊ ပြည်တွင်းသုံး ကုလားပဲအုပ်စုမှာလည်း ဈေးကျဆင်းသွားကြောင်း၊ အသစ်ဝင်နှမ်းများ ဈေးကွက်အတွင်း ရောက်ရှိလာတာကြောင့် နှမ်းမျိုးစုံဈေးကွက်က အဝယ်သွက်လာသလို နှမ်းဖြူ (ဂျပန်) တစ်အိတ် ငွေကျပ် ၄၀၀ç ၀၀၀ ထိစံချိန်တင် ဈေးကောင်းလာကြောင်း၊ ပြည်တွင်းပဲဆီဈေး တက်လာတာကြောင့် မြေပဲဆီ၊  ဆန်ဈေးက တစ်ပိဿာငွေကျပ် ၇၀၀၀ ထိ မြင့်တက်လာပြီး အနီလုံးဆန်မှာ တစ်ပိဿာငွေကျပ် ၁၀၀၀၀ ထိ ပေါက်ဈေးရှိလာ ကြောင်း ရွှေစင်သိန်းပွဲရုံပိုင်ရှင် ဦးကျော်သွင်က ပြောသည်။  

     "ပို့ကုန်ပဲတွေဈေးပြန်ငြိမ် နေပါတယ်။ ပဲစင်းငုံတစ်မျိုးပဲ ဈေးဆက်တက်ပါတယ်။ မတ်ပဲဈေးကတော့ ဆက်မတက်ဘဲ ဈေးငြိမ်နေပါတယ်။ စားဆီဈေး တက်လာတော့ မြေပဲဆန်ဈေးက ကောင်းလာပါတယ်။ မြေပဲဆန်လည်း လက်ကျန်နည်းလာမှ ဈေးတက်တာပါ။ မြေပဲအနီလုံးဆန်က တစ်ပိဿာငွေကျပ် ၁၀၀၀၀ ထိ ပေါက်ဈေးရှိလာပါတယ်။ လက်ရှိမှာ ပဲမျိုးစုံဈေးကွက်  တစ်ခုလုံးက ခပ်ငြိမ်ငြိမ်လေးနဲ့ အရောင်းအဝယ် ဖြစ်ပါတယ်။လက်ရှိပဲဈေးကွက် ပေါက်ဈေးတွေက အမြင့်ဆုံးဈေးတွေ ဖြစ်နေတာပါ။ ဒီဈေးတန်းအတိုင်း ပဲသစ်ရာသီအထိ ဆက်သွားပါ လိမ့်မယ်။  နှမ်းမျိုးစုံကလည်း အသစ်စပေါ်လာတော့ ယခင်သီတင်းပတ်ထက် ဈေးတက်အဝယ်သွက်လာပါတယ်" ဟု ၎င်းက ပြောသည်။

     ဩဂုတ် ၈ ရက်တွင် သုံးတင်းဝင် မတ်ပဲ ၆၀ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၂၃၅၀၀၀ ပေါက်ဈေး၊ ပဲစင်းငုံ ၆၀ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၃၀၆၀၀၀   သာ ပေါက်ဈေးဖြစ်လာသည်။ ပဲတီစိမ်းအညာ ၅၆ ဒသမ ၂၅ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၁၆၈၀၀၀ သာ ပေါက်ဈေးရှိတော့သည်။ ပြည်တွင်းသုံးကုလားပဲများ  ဩဂုတ် ၈ ရက်တွင် တစ်အိတ်လျှင် ငွေကျပ် ၅၀၀၀မှ ငွေကျပ် ၁၀၀၀၀ ခန့် ဈေးပြန်ကျဆင်းရာ ကုလားပဲ  V2 တစ် အိတ်လျှင် ငွေကျပ် ၂၅၉၀၀၀၊ V7 တစ်အိတ်လျှင် ငွေကျပ် ၂၆၁၀၀၀၊ ထိုင်ဝမ်ကုလားပဲ တစ်အိတ်လျှင် ငွေကျပ် ၂၅၃၀၀၀၊ ၉၂၉ ကုလားပဲ တစ်အိတ်လျှင် ငွေကျပ် ၂၆၀၀၀၀ ပေါက်ဈေး ဖြစ်လာသည်။

     ပြည်တွင်းသုံး ပဲမာလိုင်းများမှာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၃၀၀၀၀၀၊ ပဲထောပတ်တစ်အိတ် လျှင် ငွေကျပ် ၃၆၅၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၄၀၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၄၁၀၀၀၀၊ ကနေဒါစားတော်ပဲ တစ်အိတ်ငွေ ကျပ် ၂၁၃၀၀၀၊ မြေပဲအနီလုံး  ဆန်(ဝိုင်း)တစ်ပိဿာ ငွေကျပ် ၉၉၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။လက်ရှိမန္တလေးလက်ကား ဈေးကွက်တွင် ပဲဆီတစ်ပိဿာ ငွေကျပ် ၁၄၀၀၀၊ နှမ်းဆီတစ် ပိဿာငွေကျပ် ၁၃၀၀၀ နှမ်းမျိုးစုံ ဈေးကွက်မှာ ယခင်သီတင်းပတ်ထက် အနည်းငယ်ဈေးပြန်တက် လာရာ နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၄၀၅၀၀၀၊ နှမ်းညို တစ်အိတ်လျှင် ငွေကျပ် ၃၁၅၀၀၀၊  နှမ်းနက်စမုံတစ်အိတ်လျှင် ငွေကျပ် ၃၇၀၀၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။

Source: မကွေးဂျာနယ်

Category: Local News