Local News

လေးလအတွင်း ပြည်ပသို့ ရော်ဘာတန်ချိန် ရှစ်သောင်းတင်ပို့ထား

Last Updated:

     ယခုနှစ် ၂၀၂၃-၂၀၂၄ ခုနှစ် ဘဏ္ဍရေးနှစ် လေးလတာကာလအတွင်း ပြည်ပခုနှစ်နိုင်ငံသို့ ရော်ဘာတန်ချိန် ရှစ်သောင်းတင်ပို့ပြီးဖြစ်ကြောင်း မြန်မာနိုင်ငံရော်ဘာစိုက်ပျိုး ထုတ်လုပ်ရောင်းချသူများအသင်းမှ သတင်းရရှိသည်။ “ဧပြီလကနေ ဇူလိုင်လအထိ ပြည်ပကို ရော်ဘာတန်ချိန် ရှစ်သောင်းတင်ပို့ထားပါတယ်။ အများဆုံးကတော့ တရုတ်နိုင်ငံကို တင်ပို့တာပါ။ တရုတ်နိုင်ငံတင်ပို့မူဟာ တစ်နိုင်ငံလုံးထွက်ရှိတဲ့ ရော်ဘာတန်ချိန်ရဲ့ ၇၅ ရာခိုင်နှုန်း လောက်ရှိပါတယ်” ဟု မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်းမှ အတွင်းရေးမှူး  ဦးခိုင်မြင့်ကပြောသည်။ 

     အဆိုပါ ရော်ဘာတန်ချိန် ရှစ်သောင်းကို တရုတ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်ဝမ်၊ စင်္ကာပူ၊ အိန္ဒိယ၊ ဂျပန်နိုင်ငံများသို့ တင်ပို့ခဲ့ပြီး ကမ္ဘာပေါက်ဈေး၊ ပြည်တွင်း၊ ပြည်ပဈေးကွက်ပေါက်ဈေးများနှင့်တွတ်ချက်၍ တစ်တန်လျှင်( RSS3 ) အမေရိကန်ဒေါ်လာ ၁၂၀၀၊ ၁၂၅၀ အကြားဖြင့် တင်ပို့ခဲ့ကြောင်း သတင်းရရှိသည်။ ကမ္ဘာ့ရော်ဘာဈေးကတော့ အတက်အကျ သိပ်မရှိပါဘူး။ ဒီမှာတော့ မိုးတွင်းဖြစ်နေလို့ ရော်ဘာဈေးက ပိတ်သွားပြီး၊ ပစ္စည်းရှားနေတယ်။ ကျိုးကြား ကျိုးကြားလောက်ပဲအရောင်းအဝယ်ဖြစ်နေတယ်ပြောတယ်”ဟုမုဒုံမြို့ ဘုန်းသန့်ရော်ဘာရောင်းဝယ်ရေးမှ  ကိုသူရကပြောသည်။ 

     လက်ရှိ မြန်မာရော်ဘာဈေးကွက်သည် မိုးရာသီဖြစ်သောကြောင့် ဈေးပိတ်ထားသည့်မှာ တစ်လခန့်ရှိပြီးဖြစ်ပြီး ပစ္စည်းရှားသော်လည်း မြန်မာရော်ဘာ တစ်ပေါင်လျှင် ဒေသပေါ်မူတည်၍ ၁၃၀၀ကျပ်မှ ၁၇၀၀ကျပ်ဈေးရှိကြောင်း၊ ထိုင်းနိုင်ငံမှ တရားမဝင်ဝယ်ယူသည့် ဈေးကွက်ပေါက်ဈေးတွင် ရော်ဘာတစ်ပေါင်လျှင်  ၁၇၈၆ ကျပ် မှ ၁၉၅၉ ကျပ် ဈေးရှိသည်။ ကမ္ဘာ့ရော်ဘာပေါက်ဈေးမှာ တစ်တန်လျှင် ဒေါ်လာ ၁၀၊ ၂၀ အကြားဈေးတက်ပြီး ဈေးငြိမ်နေသည့်မှာ သုံးလခန့်ရှိပြီးဖြစ်ကြောင်း ရော်ဘာဈေးကွက်မှ သတင်းရရှိသည်။ 

     မြန်မာနိုင်ငံတွင် ရော်ဘာစိုက်ပျိုးဧက ၁၆၄၀၀၀၀ ရှိပြီး အမှန်တကယ်အစေးခြစ်ထုတ်ယူနေသည့် ဧကမှာ ရှစ်သိန်းခွဲခန့်ရှိသည်။  တစ်နှစ်လျှင်  ဧကရှစ်သိန်းခွဲခန့်မှ  ရော်ဘာတန်ချိန်  သုံးသိန်းထွက်ရှိသည်။ ရော်ဘာစိုက်ပျိုးသော ဒေသများမှာ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး (အထက်ပိုင်း) တို့တွင်စိုက်ပျိုးကြသည်။

Source: Myanmar Awba

Category: Local News