International News

ဗီယက်နမ်နိုင်ငံ ပို့ကုန်ဆန် ပြတ်လပ်ဖွယ်ရှိ

Last Updated:

၂၀၂၃ ခုနှစ် ပထမ ၈ လတွင် ဗီယက်နမ်နိုင်ငံ ဆန်တန်ချိန် ၆ သန်းနီးပါး ပြည်ပသို့ တင်ပို့ခဲ့သည်။ တစ်နှစ်တာ လျာထားချက်၏ ၈၉%ကို တင်ပို့ပြီးသွားပြီ ဖြစ်သည်။ ယမန်နှစ် ပထမ ၈ လနှင့် နှိုင်းယှဉ်လျှင် တန်ချိန် ၂၀% ပိုများသည်။ တန်ဖိုး ၃၄% ပိုများသည်။ ပထမ ၈ လတွင် ဆန် ကန်ဒေါ်လာ ၃.၂ ဘီလီယံဖိုး တင်ပို့ခဲ့သည်။ ဗီယက်နမ်နိုင်ငံ ဆန်အများဆုံး ဝယ်ယူခဲ့ကြသည့် နိုင်ငံများမှာ ဖိလစ်ပိုင်၊ တရုတ်၊ အင်ဒိုနီးရှားနှင့် ဂါနာတို့ ဖြစ်ပါသည်။

ဗီယက်နမ်နိုင်ငံ၏ ဆန်တင်ပို့မှုသည် ယခုနှစ် လက်ကျန်လများတွင် ပိုများလိမ့်မည်ဟု မျှော်မှန်းထားသည်။ စျေးကွက်သစ်များမှ အမှာစာများ ပိုများလာမည်ဖြစ်သည်။ သို့သော် ပြည်ပ၀ယ်လိုအားကို ဖြည့်ဆည်းရန် ပြည်တွင်းမှာ ဆန်လုံလောက်မှုမရှိမည့်အရေးကို ပို့ကုန်လုပ်ငန်းရှင်များအကြား စိုးရိမ်မှုများ ရှိနေသည်။ မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသရှိ  ဆန်စပါးလုပ်ငန်းတစ်ခုမှ   စီအီးအိုတစ်ဦးက ဗီယက်နမ်ဈေးကွက်တွင် ဆန်ရောင်းလိုအားသည် စတုတ္ထသုံးလပတ်တွင် ပုံမှန်အတိုင်း ဆက်ရှိနေမည်ဖြစ်ပြီး နိုင်ငံအများအပြားတွင် ဝယ်လိုအားသိသိသာသာ တိုးလာမည်ဟု ဆိုသည်။ သို့ဖြစ်ရာ ပိုတိုးလာသည့် ပမာဏကို တင်ပို့ပေးဖို့ ဆန်ရမရ မသေချာချေ။

ယမန်နှစ်ကိုကြည့်လျှင် ဗီယက်နမ်နိုင်ငံသည် ဆန်တန်ချိန် ၇.၂ သန်း တင်ပို့ခဲ့သည်။ ထိုပမာဏ တင်ပို့နိုင်ရန်အတွက် အိန္ဒိယနိုင်ငံမှ ဆန်တန်ချိန် ၅ သိန်းမှ ၇ သိန်းအထိ တင်သွင်းခဲ့ပြီး အိမ်နီးချင်းနိုင်ငံ ကမ္ဘောဒီးယားနိုင်ငံမှ ဆန်တန်ချိန် ၃ သိန်း တင်သွင်းခဲ့သည်။ ယခုနှစ်တွင် အိန္ဒိယနိုင်ငံက ဆန်တင်ပို့မှု ပိတ်ပင်ထားသဖြင့် ဆန်တင်သွင်းမှု လျော့ကျမည်။ "ဝယ်လိုအားက ရနိုင်မယ့် ပမာဏထက် ပိုများနေတယ်။ ဒီတော့ မျှော်မှန်းထားတာထက် ကျော်လွန်ပြီး တင်ပို့ပေးနိုင်မှာ မဟုတ်ဘူး။ တန်ချိန် ၇.၅-၈ သန်းအထိ တင်ပို့နိုင်မှာ မဟုတ်ဘူး"ဟု ၎င်းက ပြောကြားသည်။

Orient Rice Co. Ltd ၏ အထွေထွေညွှန်ကြားရေးမှူး ငုယင်ဗီယက်အန်းက ယခုနှစ် ပို့ကုန်ဆန် လက်ကျန်အတွက် စိုးရိမ်သည်။ အမေရိကန် စိုက်ပျိုးရေးဌာနမှ အချက်အလက်များအရ ဗီယက်နမ်နိုင်ငံ ဆန်လက်ကျန်ပမာဏနှင့် စားသုံးသည့် ပမာဏတို့အချိုးမှာ ၁၁% သာ ရှိသည်။ ရှိသင့်ရှိထိုက်သည်မှာ ၂၂% ဖြစ်သည်။ အိန္ဒိယနိုင်ငံက ဆန်တင်ပို့မှုကို ပိတ်ပင်လိုက်ပြီးသည့်အခါ ၈.၅% သာ ရှိတော့သည်။

"လယ်သမားတွေက ရောင်းသင့်ရောင်းထိုက်တာထက် ပိုရောင်းနေကြတယ်။ ဈေးကွက်ထဲ ပွဲစားတွေ ရုတ်တရက် ပိုများလာတယ်။ ကမောက်ကမတွေ ဖြစ်ကုန်တယ်။ ငွေကြေးအရ အရှုံးပြတဲ့ လုပ်ငန်းတွေ အများကြီးပဲ" ဟု အန်းက ပြောသည်။ စရံငွေ ဆုံးရှုံးသည်။ ဝယ်နေကျ လယ်သမားများထံမှ ဆန် ဝယ်မရတော့ချေ။ ဗီယက်နမ်နိုင်ငံ စားသောက်ကုန်အသင်းမှ မကြာသေးခင်က ဝန်ကြီးချုပ်ထံတင်သွင်းသည့် အစီရင်ခံစာတွင် ဆန်ဈေးနှုန်းများ ရုတ်တရက် ခုန်တက်ခြင်းကြောင့် လယ်သမားများမှ ကုန်သည်များအထိ ကွင်းဆက်များ ပြတ်တောက်ကုန်သည်။ ဆန်စက်များနှင့် ဆန်ပို့ကုန်လုပ်ငန်းများအကြားတွင်လည်း ကွင်းဆက်များ ပြတ်တောက်ကုန်သည်။ ဆန်ပို့ကုန် လုပ်ငန်းများသည် ပြည်ပဝယ်လက်များနှင့် ချုပ်ဆိုထားသည့် စာချုပ်များအတွက် တင်ပို့ရန် ဆန်များဝယ်မရ ဖြစ်ကုန်သည်။

ပြည်ပပို့ကုန် ဆန်ဈေးသည် လွန်ခဲ့သည့် ရက်ပိုင်းအတွင်း ကျဆင်းခဲ့ပြီး ပြည်တွင်းဆန်ဈေးမှာ မြင့်တက်နေဆဲဖြစ်သည်။ သို့ဖြစ်ရာ လက်ရှိတွင် ပြည်တွင်းဆန် ဈေးနှုန်းများသည် ပို့ကုန်ဆန် ဈေးနှုန်းများထက် ၅-၇% ပိုများနေပါသည်။

Source: vnexpress

https://www.foodindustrydirectory.com.mm

Category: International News