Local News

ကျောင်းကုန်းမြို့နယ်တွင် ငရုတ်ပွသီးတစ်ပိဿာလျှင် ငွေကျပ် ၉၇၀၀ ထိ ဈေးရရှိ၍ တောင်သူများအဆင်ပြေနေ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်တွင် ဒေသထွက်ငရုတ်ပွသီး တစ်ပိဿာလျှင် ငွေကျပ် ၉၇၀၀ ထိ ဈေးကောင်းရရှိနေခြင်းကြောင့် ငရုတ်စိုက်တောင်သူများ အဆင်ပြေနေကြောင်း ကျောင်းကုန်းမြို့နယ်မှ ငရုတ်ရောင်းဝယ်ရေးပွဲရုံလုပ်ငန်းရှင် ဒေါ်သင်းသင်းက ပြောပြ၍ သိရသည်။

ကျောင်းကုန်းမြို့နယ်တွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်းက ငရုတ်ပွသီးတစ်ပိဿာလျှင် ငွေကျပ် ၆၅၀၀ မှ ၇၀၀၀ ထိသာဈေးရှိခဲ့ပြီး လက်ရှိစက်တင်ဘာလ ၁ ရက်မှ ၈ ရက်နေ့ထိ ငရုတ်ပွသီး တစ်ပိဿာလျှင် ငွေကျပ် ၉၇၀၀ ထိ ဈေးရရှိနေကြောင်း အဆိုပါငရုတ်ပွသီး ဈေးကောင်းရရှိနေခြင်းသည့် ယခုနှစ် ငရုတ်ပွသီးစိုက်သူနည်းခဲ့ခြင်းကြောင့်ဖြစ်ပြီး ငရုတ်ဈေးကောင်းနေသည့်အတွက် ငရုတ်စိုက်တောင်သူများ အဆင်ပြေနေကြောင်း သိရသည်။

“ကျောင်းကုန်းမှာ အခု ငရုတ်သီးဈေးက ငရုတ်ပွသီးတင်မဟုတ်ဘဲ တခြားငရုတ်သီးတွေလည်း ဈေးကောင်းရရှိနေပါတယ်။ ဒီနှစ် ငရုတ်ပွသီးဈေးက အရင်ကထက် တော်တော်လေးဈေးကောင်းနေပါတယ်။ ဒေသထွက် ငရုတ်တွေအထွက်နည်းလာလို့ ဈေးကောင်းရနေတာဖြစ်ပါတယ်။ ဒီဘက်ကနေထွက်တဲ့ ငရုတ်ပွသီးတွေကို ဒေသဈေးအပြင် အခြားဒေသတွေကိုလည်း တင်ပို့ရောင်းချပါတယ်။ ဒီနှစ်ငရုတ်ပွသီးက ဈေးကောင်းရတော့ စိုက်တဲ့သူတွေ အဆင်ပြေတာတွေ့လာရပါတယ်။ ငရုတ်ပွသီးဈေးကောင်းနေပေမဲ့လည်း ရောင်းအားကကောင်းနေဆဲပါပဲ” ဟု ကျောင်းကုန်းမြို့နယ်မှ ငရုတ်ရောင်းဝယ်ရေးပွဲရုံလုပ်ငန်းရှင် ဒေါ်သင်းသင်းက ပြောပြသည်။

ကျောင်းကုန်းမြို့နယ်မှထွက်ရှိသည့် ငရုတ်ပွသီးများကို စနစ်တကျရွေးချယ်သန့်စင်ထုပ်ပိုးကာ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေကြောင်း၊ အဆိုပါဒေသတွင် တောင်သူများသည် ငရုတ်ပွသီးအပြင် ဖူးစားပြောင်း၊ အစေ့ထုတ်ပြောင်း၊ ဖရဲသီး၊ နာနတ်သီး၊ ကြံ၊ ခရမ်းချဉ်သီး စသည့်သီးနှံများကိုလည်း စိုက်ပျိုးကြကြောင်း၊ အဆိုပါငရုတ်ပွသီးကို တောင်သူတစ်ဦးလျှင် တစ်ဧကမှ ငါးဧကထိ စိုက်ပျိုးကြကြောင်း ငရုတ်ရောင်းဝယ်ရေးပွဲရုံလုပ်ငန်းရှင် ဒေါ်သင်းသင်းက ပြောပြ၍ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News