Local News

ဆိပ်ဖြူမြို့နယ်ရှိ ဆီထွက်သီးနှံ(မိုး)နှမ်းစိုက်တောင်သူများ အကျိုးအမြတ်ရရှိနေ

Last Updated:

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ မြင်ကဝ/အောက်ဆိပ်အုပ်စု၊ ကျေးရွာများရှိ ကိုင်း/ယာမြေများတွင် နှစ်စဉ်ဆီထွက်သီးနှံ နှမ်းကို မိုးနှင့်ဆောင်းဟူ၍ နှစ်ရာသီစိုက်ပျိုး လျက်ရှိသည်။ ယာမြေများတွင် မြစ်ရေတင်ဆည်ရေဖြင့်စိုက်ပျိုးပြီး ကိုင်းကျွန်းမြေများတွင် မြေအောက်ရေအပြင် ရေသွင်းစနစ်ဖြင့်လည်းစိုက်ပျိုးကြောင်းသိရှိရသည်။

ယခုနှစ်၌ ဆီထွက်သီးနှံ မိုးနှမ်းကို စိုက်ဧက(၁၀၀)ခန့် ကိုင်းကျွန်းမြေများတွင်စိုက်ပျိုးကြောင်း၊ နှမ်းနီနှင့် နှမ်းနက်(စမုံ)တို့ကိုစိုက်ပျိုးကြောင်း၊ တော်သလင်းလတွင် စတင်စိုက်ပျိုးပြီး တန်ဆောင်မုန်းလတွင် ရိတ်သိမ်းကြောင်း၊ စိုက်ပင်သက်တမ်း (၃)လခန့်ကြာမြင့်ကြောင်း၊ နှစ်စဉ်ဆီထွက်သီးနှံ နှမ်းကို မိသားစုစားသုံးဆီဖူလုံမှုရရှိ၍ အဓိကသီးနှံအဖြစ် စိုက်ပျိုးလျက်ရှိကြောင်း ဒေသခံစိုက်တောင်သူ ဦးရန်ပိုင်ထံမှသိရှိရပါသည်။ ယခုနှစ်၌ မိုးရွာသွန်းမှုများ၍ ရေသွင်းအကြိမ်ရေလျော့နည်းခြင်းကြောင့် တစ်ဧကလျှင် ကျပ် (၅) သိန်းခန့် ကုန်ကျကြောင်း၊ အထွက်တင်းမှာ (၁၂)တင်းခန့်ထွက်ရှိပြီး သီးနှံပေါ်ချိန်၌ ဒေသတွင်းဈေးကွက်တွင် နှမ်းနီတစ်တင်းလျှင် ကျပ်(၉၈၀၀၀)၊ နှမ်းနက်(စမုံ)တစ်တင်းလျှင် ကျပ်(၁၀၂၀၀၀) ဈေးနှုန်းအသီးသီးဖြင့်ရောင်းချရ၍ တစ်ဧကလျှင် ကျပ် (၅)သိန်းခန့်အကျိုးအမြတ်ရရှိကြောင်းသိရှိရသည်။

ဒေသတွင်း မိုးရာသီစိုက် နှမ်းသီးနှံဈေးနှုန်းဈေးကွက်အနေဖြင့် ယခင်နှစ်၌ နှမ်းနက်တစ်တင်းလျှင် ကျပ်(၈၀၀၀၀)၊ ယခုနှစ်၌ ကျပ်(၁၀၂၀၀၀)၊ ယခင်နှစ်တွင် နှမ်းနီတစ်တင်းလျှင် ကျပ် (၈၇၀၀၀)၊ ယခုနှစ်တွင် ကျပ်(၉၈၀၀၀/ ၁၀၀၀၀၀) ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ယခင်နှစ်ထက် နှမ်းဈေးနှုန်းများမြင့်တက်ကာ အရောင်းအဝယ်ဖြစ်၍ ယခုနှစ် မိုးနှမ်းစိုက်တောင်သူများ အကျိုးအမြတ်ရရှိနေကြောင်း၊ ဒေသတွင်းထွက်ရှိသော နှမ်းနီများကို မြို့ပေါ်ရှိ ဆီစက်လုပ်ငန်းရှင်များက ဝယ်ယူလျက်ရှိကြပြီး နှမ်းနက်များကို ချောက်မြို့၊ အေဝမ်းပွဲရုံသို့ ရောင်းချလျက်ရှိကြောင်းသိရှိရသည်။

ဆီထွက်သီးနှံနှမ်းစိုက်ပျိုးခြင်းဖြင့် မိသားစုစားသုံးဆီဖူလုံမှုရရှိသည့်အပြင် ရောင်းလိုအား/ဝယ်လိုအားပါကောင်း၍ ဈေးကွက်ခိုင်မာမှုရှိခြင်းကြောင့် အကျိုးအမြတ်ရရှိသောကြောင့် အဓိကသီးနှံအဖြစ် နှစ်စဉ်စိုက်ပျိုးလျက်ရှိသည်။ မြင်ကဝ/အောက်ဆိပ်အုပ်စုကျေးရွာများအတွင်းရှိ တောင်သူများသည် နှမ်းသီးနှံရိတ်သိမ်းပြီးသော မြေလွတ်များတွင် ပဲတီစိမ်းသီးနှံများကို သီးထပ်အဖြစ်စိုက်ပျိုးသွားကြမည်ဖြစ်ကြောင်း ဒေသခံတောင်သူထံမှတစ်ဆင့်သိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News