Local News

ပဲစင်းငုံသီးနှံစိုက်ပျိုးခြင်းဖြင့် တောင်သူများ အကျိုးအမြတ်ရရှိနေ

Last Updated:

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ စိုက်တောင်သူများသည်နှစ်စဉ် ကုန်းတွင်းပိုင်း ယာမြေများတွင် မြေပဲ၊ နှမ်း၊ ပဲစင်းငုံ၊ ပဲတီစိမ်း၊ ပဲလွန်းဖြူ သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ဒေသခံတောင်သူများအတွက် ဝင်ငွေကောင်းလျက်ရှိသော ပြည်ပပို့ကုန် ပဲစင်းငုံ သီးနှံကို နှစ်စဉ်အားထား စိုက်ပျိုးကြသည်။ မိုးရာသီ ကဆုန်၊ နယုန်၊ ဝါဆိုလများတွင် ပဲစင်းငုံသီးနှံကို စတင်စိုက်ပျိုးကြပြီး တစ်နှစ်လျှင် ဆောင်းတစ်ရာသီသာ စိုက်ပျိုးကြသည်။ ဆိပ်ဖြူမြို့နယ်၌ နှစ်စဉ်ပဲစင်းငုံ စိုက်ဧက(၃၀၀၀)ခန့် သီးညှပ်သီးထပ်စိုက်ပျိုးကြောင်း ဒေသခံတောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

သီးနှံစိုက်ပျိုးမှုအခြေအနေကို သိရှိရန် ဆိပ်ဖြူမြို့နယ် ရွာသစ်ကျေးရွာရှိ စိုက်တောင်သူ ဦးထွန်းထွန်းနှင့် ဆက်သွယ်မေးမြန်းခဲ့ရာ ယခုနှစ်တွင် ပဲစင်းငုံသီးနှံ (၄)ဧကခန့် စိုက်ပျိုးထားရှိ ကြောင်း၊  ယခင်နှစ်က မြေပဲခင်းများတွင် သီးညှပ်အဖြစ် စိုက်ပျိုးခဲ့ကြောင်း၊ ယခုနှစ်တွင် နယ်မြေဒေသရာသီဥတု နှင့်ကိုက်ညီ၍ မြေပဲအစားထိုး ပဲစင်းငုံသီးနှံကို တိုးချဲ့စိုက်ပျိုးထားရှိကြောင်း သိရှိရသည်။

ပဲစင်းငုံသီးနှံကို နယုန်လတွင်စတင်စိုက်ပျိုးပြီး တန်ဆောင်မုန်းလတွင် သီးနှံရိတ်သိမ်းကြောင်း၊ ပင်ကြားတန်းကြား(၃)ပေအကွာစိုက်ပျိုး၍ တစ်ဧက မျိုးစေ့တစ်ပြည်ခန့်ကုန်ကျကြောင်း၊ ပဲစင်းငုံ(နီ) မျိုးကို စိုက်ပျိုးကြောင်း၊ မျိုးစေ့တစ်ပြည်လျှင် ကျပ်(၆၀၀၀)ဖြင့် ဝယ်ယူရကြောင်း၊ စိုက်ပျိုးရာတွင် လွယ်ကူပြီး အလုပ်သမားငှားရမ်းမှုနည်းခြင်း၊ ပိုးသတ်ဆေး သွင်းအားစုသုံးစွဲမှု နည်းခြင်းကြောင့် ကုန်ကျစရိတ်နည်းကြောင်း၊ တစ်ဧကလျှင် ကျပ်(၂)သိန်းခန့် ကုန်ကျကြောင်း သိရှိရသည်။

ပဲစင်းငုံသီးနှံ စိုက်ပျိုးမှု အထွက်နှုန်းမှာ တောင်သူတစ်ဦးချင်း သွင်းအားစုအမျိုးမျိုး သုံးစွဲမှုမတူညီ၍ အထွက်နှုန်း ကွာခြားမှုရှိကြောင်း၊ တစ်ဧကလျှင် (၅)တင်းမှ (၁၀)တင်းထိ ထွက်ရှိကြောင်း၊ စိုက်တောင်သူမှ ယခုနှစ်တွင် (၄)ဧကခန့် စိုက်ပျိုးထား၍ (၂၅)တင်းခန့် ထွက်ရှိကြောင်း၊ တစ်တင်းလျှင် သီးနှံပေါ်စ ဒေသပေါက်ဈေး ကျပ်(၁၀၂၀၀၀) ဖြင့် ရောင်းချရ၍ ကျပ်(၂၅)သိန်းခန့် ဝင်ငွေရရှိကြောင်း၊ ကုန်ကျစရိတ်မှာ (၈)သိန်းခန့်ကုန်ကျ၍ ကျပ်(၁၇)သိန်းခန့် အကျိုးအမြတ်ရရှိကြောင်း၊ ယခုနှစ်တွင် ပဲစင်းငုံသီးနှံ စိုက်ပျိုးခြင်းဖြင့် စိုက်တောင်သူများ အကျိုးအမြတ်ရရှိနေကြောင်း ဒေသခံတောင်သူများထံမှ သိရှိရသည်။

ပြည်တွင်းမှ ထွက်ရှိသည့် ပဲစင်းငုံသီးနှံများကို ပြည်တွင်းစားသုံးမှုနည်းသော်လည်း ပြည်ပပို့ကုန်အဖြစ် နှစ်စဉ်တင်ပို့လျက်ရှိသည်။ ဈေးကွက်ခိုင်မာမှုရှိကာ ဝယ်လက်အများဆုံးဖြစ်သည့် စားသုံးမှုများသော အိန္ဒိယနိုင်ငံ၏ ပဲစင်းငုံ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည့်အတွက် မြန်မာနိုင်ငံသည် အိန္ဒိယဈေးကွက်တွင် အရေးပါသည့် နိုင်ငံဖြစ်ပြီး ပဲစင်းငုံကို ပြည်ပပို့ကုန်အဖြစ် အိန္ဒိယ၊ နီပေါ၊ ဘင်္ဂဘားဒေ့ရှ်၊ ပါကစ္စတန် နိုင်ငံများသို့လည်း နှစ်စဉ်တင်ပို့လျက်ရှိ၍ ပြည်တွင်းဈေးကွက် အခိုင်အမာရှိပြီး တောင်သူများအတွက် ဝင်ငွေကောင်းလျက်ရှိသော ပဲစင်းငုံသီးနှံကို  ပိုမိုတိုးချဲ့စိုက်ပျိုးသင့်ကြောင်းရေးသားတင်ပြလိုက်ရပါသည်။

Source: https://www.doca.gov.mm

Category: Local News