Local News

ပြည်တွင်း သကြားဈေးနှုန်း လက်လီဈေးကွက်တွင် တစ်ပိဿာ ၄၀၀၀ အထက်ရှိနေ

Last Updated:

     ကမ္ဘာ့သကြားစျေး အမြင့်စျေးတွင်ရှိနေသေးသည့်အတွက် ပြည်တွင်းသကြားစျေးနူန်းသည်လည်း  လက်လီစျေးကွက်တွင် တစ်ပိဿာကို ၄၀၀၀ ကျပ်အထက်တွင် အမြင့်စျေးအဖြစ် ရှိနေသေးကြောင်း  သိရသည်။ ပြည်တွင်း သကြားစျေးကွက်တွင် ကုန်စည်ဒိုင် လက်ကားစျေးအနေဖြင့် သကြားတစ်ပိဿယာကို ၃၂၀၀ မှ ၃၃၀၀ ကျပ်အထိ ရှိပြီး လက်လီစျေးကွက်တွင် အမြင့်ဆုံး ၄၀၀၀ ကျပ်ဝန်းကျင်ရှိနေခြင်းဖြစ်သည်။ 

     ကမ္ဘာ့သကြားစျေးသည် ပြီးခဲ့သည့် ဇွန်လအတွင်းတွင် သကြားတစ်တန်ကို အမေရိကန်ဒေါ်လာ ၇၀၀ ဝန်းကျင်အထိရှိခဲ့ပြီး လက်ရှိတွင် တစ်တန်ကို အမေရိကန် ဒေါ်လာ ၆၅၀ ဝန်းကျင်ရှိနေသေးကြောင်း၊ တစ်တန်ကို ဒေါ်လာ ၅၀ ကျဆင်းသွားသော်လည်း ပြည်တွင်းသကြားစျေးက ကျဆင်းခြင်းမရှိဘဲ အမြင့်စျေးဖြင့်သာရှိနေဆဲဖြစ်ဟု သိရသည်။ "အရင်နှစ်တုန်းက တစ်တန်ကို အမေရိကန်ဒေါ်လာ ၅၀၀ ကျော်ပဲရှိတယ်၊ အခုနှစ် တော့ ၇၀၀ လောက်ထိတက်သွားတယ်။ အခုကျ တစ်တန်ကို ၆၅၀ လောက်အထိရှိသေးတယ်။ ကမ္ဘာ့စျေးကတက်တော့ပြည်တွင်းစက်ရုံတွေကတက်ရောင်းတဲ့သဘောပေါ့။ ကုန်စည်ဒိုင်စျေး လက်ကားနေ့စဥ်စျေးပေါ့။ လက်လီကတော့ ၄၀၀၊ ၅၀၀ လောက်တော့ ကွာပြီးတင်ကြတဲ့သဘောပေါ့ " ဟု မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးမှပြောသည်။  

     ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇွန်လ၌ပင် ပြည်တွင်းသကြားစျေးသည် တစ်ပိဿာကို အမြင့်ဆုံး  ၁၂၀၀ ကျပ်သာရှိခဲ့ကြောင်း၊ ယင်းနောက်ပိုင်းမှစပြီး သကြားစျေးသည် တဖြေးဖြေးမြင့်တက်လာခဲ့ရာ လက်ရှိတွင် လက်လီတစ်ပိဿာ ၄၀၀၀ ကျပ်အထိပင်ရောက်ရှိလာခြင်းဖြစ်ဟု သိရသည်။ "ဟိုးအရင်က ကျွန်မတို့ ဝယ်ရတာ ၁၂၀၀ ၊ ၁၃၀၀ ဆိုတော့  လက်လီမှ ၁ပိဿာကို  ၁၈၀၀ ပြန်ရောင်းတယ်။ အခုကျ ကျွန်မတို့ ဝယ်ရတာကိုက ၃၅၀၀ လောက်ဖြစ်နေတော့ ၄၀၀၀ အနည်းဆုံး ရောင်းရတယ်။ စျေးက တက်ရင်သာ ခုန်တက်တာ၊ ပြန်ကျမယ်ဆိုရင် ၅၀ ကျ ၁၀၀ ကျဆိုတော့ ကျမတို့ကုန်စုံဆိုင်တွေအတွက်ကျ လျှော့ရောင်းဖို့က အဆင်မပြေဘူးလေ။ ကုန်စျေးနူန်းတွေတက်တော့ရောင်းအားတွေလည်းအကုန်ကျတယ်" ဟု စျေးဆိုင်ပိုင်ရှင်တစ်ဦးကပြောပြသည်။ 

     မြန်မာတစ်နိုင်ငံလုံးတွင်  သကြားစက်ရုံပေါင်း  ၂၃ ရုံရှိပြီး နှစ်စဥ်ထွက်ရှိသည့် သကြားတန်ချိန် ပျမ်းမျှ ၄ သိန်း လောက်ရှိကြောင်း လက်ရှိပြည်တွင်းတွင် သကြားလက်ကျန် ၁ သိန်းနီးပါးသာကျန်ရှိတော့ကြောင်းသိရသည်။ ပြည်တွင်း သကြားလက်ကျန်နည်းနေသော်လည်း လာမည့်ကြံကြိတ်ခွဲရာသီအထိတော့ ပြည်တွင်းစားသုံးမှုက လုံလောက်နိုင်ကြောင်း လုပ်ငန်းရှင်များမှဆိုသည်။ ပြည်တွင်းသကြားကို ပြည်ပတင်ပို့မှုအနေဖြင့် ဗီယက်နမ်နိုင်ငံကိုသာ အဓိကအများဆုံးတင်ပို့နေခြင်းဖြစ်ကြောင်း၊ တင်ပို့ရာတွင်လည်း ကြံမကြိတ်ခင်တည်းက ကြိုတင်စာချုပ်ချုပ်ဆိုထားသည့် သကြားတန်ချိန်များကိုသာ တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။ ယခုနှစ် မေလအထိ   ဗီယက်နမ်နိုင်ငံကို သကြားတင်ပို့မှုသည်  ပျှမ်းမျှတန်ချိန် ၉ သောင်းခန့် တင်ပို့ထား ကြောင်း သိရသည်။ 

     မြန်မာနိုင်ငံတွင် ကြံစိုက်ပျိုးမှုအနေဖြင့်မူ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းဒေသများ၊  ရန်ကုန်တိုင်းတို့တွင်  စိုက်ပျိုးမှုရှိကြောင်းသိရသည်။  မြန်မာနိုင်ငံ၏ ကြံကြိတ်ခွဲရာသီသည်နှစ်စဉ် ဒီဇင်ဘာလတွင် စတင်လေ့ရှိပြီး   ဧပြီလဆန်းပိုင်းတွင် ကြံကြိတ်ဝါးရာသီ ကုန်ဆုံးလေ့ရှိကြောင်းသိရသည်။ 

Source: Awba

Category: Local News