International News

ဆန်ဈေးနှုန်းကျဆင်းစေရန် ဆန်အကောက်ခွန်နှုန်းထားကို လျှော့ချခြင်း သို့မဟုတ် အကောက်ခွန်ဖယ်ရှားပေးခြင်း ဆောင်ရွက်သင့်

Last Updated:

ဖိလစ်ပိုင်အစိုးရအနေဖြင့် စားသုံးသူများနှင့်လယ်သမားများကို ထိခိုက်စေမည့် အမြင့်ဆုံးဆန် ဈေးနှုန်းသတ်မှတ်ခြင်းထက် ဆန်တင်သွင်းမှုအပေါ် အကောက်ခွန်နှုန်းထားလျှော့ချခြင်း သို့မဟုတ် အကောက်ခွန်ဖယ်ရှားပေးခြင်း ဆောင်ရွက်သင့်ကြောင်းကို စီးပွားရေးလွတ်လပ်ခွင့်ဆိုင်ရာ ဖောင်ဒေးရှင်း (Foundation for Economic Freedom – FEF)က ကြေညာချက် ထုတ်ပြန်ခဲ့သည်။ အဆိုပါ အဖွဲ့၏ကြေညာချက်တွင် ဆန်ဈေးနှုန်းတက်ခြင်းကို ရပ်တန့်ရန်အတွက် ဆန်တင်သွင်းမှုအပေါ် အကောက်ခွန်နှုန်းထားကို ၃၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းသို့ လျှော့ချခြင်း သို့မဟုတ် အကောက်ခွန်ဖယ်ရှားပေးခြင်းတို့ကို အစိုးရကဆောင်ရွက်ပေးရန် ဖော်ပြ ထားကြောင်း Philstar သတင်းဌာနအရ သိရှိရပါသည်။

ဩဂုတ်လ ၃၁ ရက်နေ့တွင် သမ္မတမားကို့စ်လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည့် စီမံခန့်ခွဲမှုဆိုင်ရာ အမိန့် (Executive Order) အမှတ် ၃၉ အရ ပုံမှန်ကြိတ်ခွဲပြီးဆန် တစ်ကီလိုလျှင် ၄၁ ပီဆိုနှင့် အဆင့်မြင့်ကြိတ်ခွဲပြီးဆန် တစ်ကီလိုလျှင် ၄၅ ပီဆို အမြင့်ဆုံးထားရောင်းချရန်ဖြစ်ကြောင်း၊ အဆိုပါအမြင့်ဆုံးဈေး သတ်မှတ်မှုသည်  ဝင်ငွေနည်းအိမ်ထောင်စုများကို ထိခိုက်နိုင်စေပြီး၊  ပုံမှန် ဆန်ဈေးကွက်ရောင်းလိုအား ကျဆင်းစေကာ ဆန်မှောင်ခိုဈေးကွက်အဖြစ် ပြောင်းလဲလာနိုင်သည့်အတွက် ကုန်သည်များအနေဖြင့်  ပုံမှန်ဆန်များနှင့် အဆင့်မြင့်ဆန်များတွင် ဆန်ကွဲညံ့များနှင့် ရောနှော၍ စားသုံးသူများကို လိမ်လည်ရောင်းချလာနိုင်ကြောင်း၊ ကုန်သည်များအတွက် ဆန်ဈေးနှုန်းအမြင့်ဆုံးသတ်မှတ်ခြင်းသည် ၎င်းတို့ ဝယ်ဈေးနှင့်ရောင်းဈေးနှုန်းထက်ပိုလျှော့သဖြင့် ဆန်များကို သိမ်းဆည်းသိုလှောင်ထားနိုင်ကြောင်းကို စီးပွားရေးလွတ်လပ်ခွင့်ဆိုင်ရာ ဖောင်ဒေးရှင်း (Foundation for Economic Freedom – FEF)က ရှင်းပြခဲ့သည်။

ဆန်အပေါ်စည်းကြပ်သည့် အကောက်ခွန်ဥပဒေ (Rice Tariffication Law) အရ အစိုးရအနေနှင့် ဆန်ယှဉ်ပြိုင်နိုင်မှု စွမ်းရည် မြှင့်တင်ရေးရန်ပုံငွေ (Rice Competitiveness Enhancement Fund -RCEF) အတွက် ပီဆို ၁၀ ဘီလီယမ် ခွဲဝေ သတ်မှတ်ရမည်ဖြစ်ရာ ဆန်အကောက်ခွန်နှုန်းထားကို လျှော့ချပေးနိုင်ကြောင်း FEF က ပြောကြားခဲ့ပါသည်။

တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် လယ်သမားအများစုမှာ ခန့်မှန်းတွက်ချက်ထားသည့် စပါးထွက်နှုန်းထိမရခဲ့သော်လည်း အနည်းဆုံးဝင်ငွေရရှိရန် မျှော်မှန်းထားကြကြောင်း၊ သို့သော် အရင်းကျေနိုင်သည့် အခြေအနေပင်မရှိကြောင်း၊ ကုန်သည်များအနေဖြင့် ၎င်းတို့ထံမှသီးနှံများကို တစ်ကီလိုလျှင် ၁၅ ပီဆို နှုန်းဖြင့်ဝယ်ယူမည်ဆိုပါက ၎င်းတို့အနေဖြင့် လာမည့်စိုက်ပျိုးရာသီတွင် စိုက်ပျိုးနိုင်မည်မဟုတ်ကြောင်း၊ ထို့အတူ ကုန်ထုတ်စွမ်းအား၏ နံပါတ်တစ်ရန်သူမှာ ဈေးနှုန်းထိန်းချုပ် ခြင်းပင်ဖြစ်ကြောင်း၊ လယ်သမားများ ဝင်ငွေရရှိရန် ဈေးနှုန်းထိန်းချုပ်ခြင်းကို တစ်လသာခွင့်ပြုသင့်ကြောင်းကို ဖိလစ်ပိုင်စိုက်ပျိုးရေးနှင့်စားနပ်ရိက္ခာ ကုန်သည်ကြီးများ အသင်း(Philippines Chamber of  Agriculture and Food Inc. (PACFI)) ၏ ဥက္ကဋ္ဌဖြစ်သူ Danilo Fausto က အကြံပြု ပြောကြားခဲ့ပါသည်။

အမျိုးသားစီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အာဏာပိုင်အဖွဲ့မှလည်း စီမံခန့်ခွဲမှုဆိုင်ရာအမိန့် (Executive Order) အမှတ် ၃၉ သည် သိမ်းဆည်းသိုလှောင်မှု၊ ခေါင်းပုံဖြတ်အမြတ်ကြီးစားမှု၊ မှောင်ခိုသွင်းမှု၊ ကုန်သည်အချင်းချင်း စည်းဝါးရိုက် ဈေးနှုန်းညှိနှိုင်း သတ်မှတ်မှုတို့ကို အခိုင်အမာကိုင်တွယ်ဖြေရှင်းနိုင်မည်၍ ထောက်ခံကြောင်း၊ အမြင့်ဆုံးဈေးနှုန်း သတ်မှတ်ခြင်းသည် ယာယီ အစီအမံတစ်ခုသာဖြစ်ကြောင်း ၊ မကြာခင်စပါးရိတ်သိမ်းချိန် ရောက်တော့မည်ဖြစ်သည့်အတွက် လိုချင်သော ရလဒ်ထွက်ပေါ် လာမည်ဟု မျှော်လင့်ထားကြောင်းကိုလည်း ပြောကြားခဲ့ပါသည်။

စီမံခန့်ခွဲမှုဆိုင်ရာအမိန့် (Executive Order ) အမှတ် ၃၉ ကို ချိုးဖောက်သူများသည် ဒဏ်ငွေပီဆို ၅၀၀၀ မှ ၁ သန်းထိ ပေးဆောင်ရမည်ဖြစ်ကြောင်း၊ မျှခြေရရှိစေမည့် ဈေးကွက်ပေါက်ဈေး အတိုင်း ဈေးတက်ခွင့်မပြုပါက ဝယ်လိုအားပိုလျှံမှုနှင့် ရောင်းလိုအားနည်းပါးသောအခြေအနေတွင် နိုင်ငံအနေဖြင့် အဆုံးသတ်သွားနိုင်ကြောင်း၊ Executive Order - ၃၉ ၏ ပုဒ်မ ၃ တွင် လက်လီရောင်းချသူများကို အကူအညီများပေးအပ်သွားမည်ဟု ဖော်ပြထားသောကြောင့် စိုက်ပျိုးရေးဦးစီးဌာနနှင့် အစိုးရကို ဘယ်လိုကူညီပေးနိုင်မလဲဟု မေးမြန်းထားကြောင်းကို ကုန်သွယ်ရေးနှင့် စက်မှုဆိုင်ရာ လက်ထောက်အတွင်းရေးမှူးဖြစ်သူ Agaton Uvero ၏ စက်တင်ဘာလ ၂ ရက်နေ့တွင် ပြောကြား ချက်အရ သိရှိရပါသည်။

Executive Order - ၃၉ ထုတ်ပြန်ခဲ့မှုကြောင့် ပုံမှန်ဆန်တစ်ကီလိုလျှင် လက်လီဈေးနှုန်းသည် လက်ရှိ ၆၀ ပီဆိုမှ ၄၅ပီဆိုထိ ဖြစ်လာနိုင်သည့်အတွက် စားသုံးသူများအတွက် ချက်ချင်းအကျိုး ခံစားခွင့်  ရရှိမည်ဖြစ်ကြောင်း၊  ပုံမှန်ဆန်တစ်ကီလိုလျှင် ၃၇  ပီဆိုထိ  လျှော့ချနိုင်ကြောင်းကို   တောင်သူလယ်သမားအဖွဲ့  SamahangIndustriyangAgrikultura (Sinag)  ၏ အမှုဆောင်  ညွှန်ကြားရေးမှူးဖြစ်သူ JaysonCaingletက ပြောကြားခဲ့ပါသည်။

ဖိလစ်ပိုင်စိုက်ပျိုးရေးဦးစီးဌာန၏ စောင့်ကြည့်မှုအရ ပြည်တွင်းထုတ် ပုံမှန်ဆန် တစ်ကီလိုလျှင် ၅၅ ပီဆို၊ အဆင့်မြင့်ဆန်တစ်ကီလိုလျှင် ၇၅ ပီဆို၊ ပရီမီယမ်ဆန်တစ်ကီလိုလျှင် ၆၀ ပီဆိုနှင့် အထူးဆန်တစ်ကီလိုလျှင် ၆၅ ပီဆိုဖြင့် ရောင်းချကြောင်း၊ ဖိလစ်ပိုင်နိုင်ငံသို့ တင်သွင်းမည့်  ဆန်များအနေဖြင့် ပုံမှန်ဆန် တစ်ကီလိုလျှင် ၅၂ ပီဆို၊ အဆင့်မြင့်ဆန် တစ်ကီလိုလျှင် ၅၆ ပီဆိုနှင့် အထူးဆန် တစ်ကီလိုလျှင် ၆၅ ပီဆိုဖြစ်ကြောင်း သိရှိရပါသည်။

Source: https://www.philstar.com/headlines/2023/09/04/2293734/lift-or-cut-rice-tariff-bring-down-prices

https://commerce.gov.mm

Category: International News