Local News

ပင်လယ်ရေကြောင်းမှတစ်ဆင့် နိုင်ငံခြားတင်ပို့မှု ရှိလာခြင်းကြောင့် ပဲနှမ်းဈေးကွက် ပြန်လည်ဦးမော့လာ

Last Updated:

ရွှေမန်း

ပင်လယ်ရေကြောင်းမှတစ်ဆင့် နိုင်ငံခြားတင်ပို့မှု ရှိလာခြင်းကြောင့်  ပြည်တွင်း ပဲနှမ်းဈေးကွက် ပြန်လည်ဦးမော့လာကြောင်း  ပဲ၊ နှမ်း ကုန်သည်များထံမှ သိရသည်။ အောက်တိုဘာလ ၁၀ ရက်မှ စတင်ကာ နိုင်ငံခြားသင်္ဘောတင်များ ရှိလာသောကြောင့် ပဲ၊ နှမ်း ဈေးကွက်မှာ ပို့ကုန်မတ်ပဲအပါအဝင် အသစ်ဝင်နှမ်းနက်များ အရောင်းအဝယ် ခပ်သွက်သွက်ရှိလာပြီး ပြည်တွင်းသုံးကုလားပဲအုပ်စုနှင့် မြေပဲဆန်မှာ အရောင်းအဝယ်ကောင်းနေခြင်းဖြစ်သည်။

ယခင်သီတင်းပတ်က ဈေးကျဆင်းနေသည့် ပဲ၊ နှမ်းဈေးကွက်မှာ ပို့ကုန်သမားများ အဝယ်ရှိလာသောကြောင့် အရောင်းအဝယ်ကောင်းလာကြောင်း၊ ပို့ကုန်မတ် ပဲနှင့် နှမ်းမျိုးစုံမှာ အနည်းငယ် ဈေးမြင့်တက်လာပြီး ပြည်တွင်းသုံး ကုလားပဲအုပ်စုလည်း လိုက်ပါ ဈေးမြင့်တက်လာကြောင်း၊ နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းမှာ ကုန်ကျစရိတ်များပြားလာတာကြောင့် ပင်လယ်ရေကြောင်းမှတစ်ဆင့် ကုန်သည်များ ပြောင်းလဲတင်ပို့လာခြင်းဖြစ်ကြောင်း၊ ထို့ပြင် ပြည်တွင်းဆီစားသုံးမှု ပုံစံမှာ ပဲဆီကို ပြောင်းလဲစားသုံး လာတာကြောင့် မြေပဲဆီ၊ မြေပဲဆံဈေးကွက်မှာ အရောင်းအဝယ်ကောင်းလာကြောင်း ရွှေစင်သိန်းပွဲရုံမှ ဦးကျော်သွင်က ပြောသည်။

"အသစ်ဝင်နှမ်းတွေ ပင်လယ်ရေကြောင်းကတစ်ဆင့် နိုင်ငံခြားတင်ပို့မှုရှိလာလို့ နှမ်းဈေးတွေ ကောင်းလာသလို အရောင်းအဝယ်လည်း သွက်လာပါတယ်။  နှမ်းနက်တစ်အိတ်ကို ပစ္စည်း ကောင်းအသန့်ဆိုရင် ငွေကျပ် ၃၈၀၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ အညာဒေက နှမ်းသစ်တွေ စတင်ဝင်ရောက်နေတာပါ။ အက်ဆစ်လွတ်တဲ့ နှမ်းအရည်အသွေးကောင်းရင် ဈေးကောင်း သလို အက်ဆစ်မလွတ်ရင် ဈေးလျော့ပါတယ်။ ပို့ကုန်မတ်ပဲကတော့ ဈေးကောင်းလာတာ တစ်အိတ်လျှင် ငွေကျပ် ၂၅၅၀၀၀ အထိ ပေါက်ဈေးရလာတယ်။ ပဲစင်းငုံကတော့ ပစ္စည်းလက်ကျန် နည်းလို့ ဈေးကောင်းရပေမယ့် အရောင်းအဝယ် နည်းပါတယ်။ လက်ရှိမှာ ပြောင်းတစ်မျိုးသာ ဈေးအေးနေပြီး ကျန်ပဲမျိုးစုံကတော့ ဈေးပြန်ကောင်းလာတယ်။ ပြည်တွင်းသုံးကုလားပဲအုပ်စုလည်းအနည်းငယ် ဈေးမြင့်တက်လာပါတယ်။ တရုတ်ကို တင်ပို့သည့် ပဲတီစိမ်းကလည်း ဈေးအေးနေပေမယ့် မြေပဲဆန်ဈေးကတော့ အရောင်းအဝယ် ခပ်သွက်သွက်ရှိနေပါတယ်။ ပြည်တွင်းဆီစားသုံးမှု ပုံစံပြောင်းလဲလာလို့ ပြည်တွင်းဆီစက်ပိုင်များ ခပ်သွက်သွက် လည်ပတ်အရောင်းအဝယ်ဖြစ်နေပါတယ်" ဟု ၎င်းက ပြောသည်။

အောက်တိုဘာလ ၁၂ ရက်တွင် သုံးတင်းဝင် မတ်ပဲပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ် ၂၅၅၀၀၀ ပေါက်ဈေး၊ ပဲစင်းငုံပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ် ၃၉၀၀၀၀  ပေါက်ဈေး ဖြစ်လာသည်။ ပဲတီစိမ်းအညာ ၅၆ ဒသမ ၂၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၁၇၂၀၀၀  ပေါက်ဈေးဖြစ်လာသည်။ ပြည်တွင်းသုံးကုလားပဲ အုပ်စုမှာ ဈေးမြင့်တက်လာပြီး အောက်တိုဘာလ ၁၂ ရက်တွင် ကုလားပဲ V2  တစ်အိတ်လျှင် ငွေကျပ် ၂၆၉၀၀၀၊ V7တစ်အိတ် လျှင် ငွေကျပ်၂၇၅၀၀၀၊ ထိုင်ဝမ် ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၅၇၀၀၀၊ ၉၂၉ ကုလားပဲ တစ်အိတ်လျှင် ငွေကျပ် ၂၆၄၀၀၀  ပေါက်ဈေးဖြစ်လာသည်။

ပြည်တွင်းသုံး ပဲမာလိုင်းများမှာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၃၃၀၀၀၀၊ ပဲထောပတ်တစ်အိတ် လျှင် ငွေကျပ် ၄၁၀၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၅၀၀၀၀၊ ကျွန်းစားတော်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၇၀၀၀၀၊  ကနေဒါစားတော်ပဲတစ်အိတ် ငွေကျပ် ၂၂၀၀၀၀၊ မြေပဲအနီလုံး ဆန်(ဝိုင်း)တစ်ပိဿာလျှင် ငွေကျပ် ၇၁၀၀ ပေါက်ဈေးရှိသည်။

နှမ်းမျိုးစုံဈေးကွက်မှာ ယခင် သီတင်းပတ်ထက် သိသိသာသာ ဈေးကျဆင်းသွားရာ နှမ်းဖြူ (ဂျပန်) ၄၅ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၃၇၀၀၀၀၊ နှမ်းညို (သစ်)တစ်အိတ်လျှင် ငွေကျပ် ၂၈၅၀၀၀၊ နှမ်းနက်စမုံ တစ် အိတ်လျှင် ငွေကျပ် ၃၅၀၀၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။

Source: မကွေးဂျာနယ်

Category: Local News