Local News

ကျိုက်မရောမြို့နယ်၌ ဝါးလက်မှုလုပ်ငန်းဖြစ်သည့် တင်းတောင်းများ ဝယ်လိုအားကောင်း

Last Updated:

မွန်ပြည်နယ် ကျိုက်မ‌ရောမြို့နယ်၌ ဒေသထွက်ဝါးများနှင့် ရက်လုပ်ထားသော စပါးခြင်တွယ်ရန်တင်းတောင်းများနှင့် သီးနှံမျိုးစုံထည့်နိုင်သော တောင်းမျိုးစုံမှာ စပါးပေါ်ချိန်၊ ပဲပေါ်ချိန်တွင် ဝယ်လိုအားကောင်းသဖြင့် မိသားစုဝင်ငွေတိုးကာ အဆင်ပြေလျက်ရှိကြောင်း ဝါးလက်မှုလုပ်ငန်းကို မိရိုးဖလာလုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်လျက်ရှိသူ ဦးကြိုင်ထံမှ သိရသည်။ အဆိုပါ ဒေသမှထွက်ရှိသော ဝါးမျှဝါးနှင့် ဝါးကုတ်ဝါးမျိုးများကို ခုတ်ယူအသုံးပြုကာ စပါးချင်တွယ်ရန်တင်းတောင်းများ၊ အခြားသီးနှံများထည့်နိုင်ရန် တောင်းမျိုးစုံ ရက်လုပ်ခြင်းလုပ်ငန်းကို မိရိုးဖလာရိုးရာအမွေအနှစ်လက်မှုလုပ်ငန်းအဖြစ် ဆက်လက်ထိန်းသိမ်းလုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

အဆိုပါ တင်းတောင်းများရက်လုပ်ရန်အတွက် ကုန်ကြမ်းများကို ရွာနှင့်လေးမိုင်ခန့်ဝေးသော တောင်ပေါ်မှ သွားရောက်ခုတ်ယူရပြီး တင်းတောင်းအနားကွပ်ရန် ကြိမ်များကိုကြိမ်ပင်ရှိရာ အခြားကျေးရွာများမှ သွားရောက်ဝယ်ယူပြီး အနားကွပ်ရကြောင်း၊ တစ်ရက်လျှင် တောင်းငါးလုံးခန့်ပြီးစီးကြောင်း၊ စပါးတင်းတောင်းတစ်လုံးလျှင် သုံးသောင်းခန့်ဈေးရရှိပြီးအခြားတောင်းများကို အရွယ်အစားအလိုက် တစ်ခုလျှင် ခြောက်ထောင်ကျပ်အထိ ဈေးရရှိကြောင်း သိရသည်။

‌Source: ကြေးမုံသတင်းစာ

Category: Local News