Local News

ယခုဘဏ္ဍာနှစ် ခုနစ်လတာ ကာလအတွင်း ပြည်ပနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ခြောက်သိန်းခန့် တင်ပို့ထားပြီး အောက်တိုဘာလတွင် အများဆုံး တင်ပို့ထား

Last Updated:

ယခုဘဏ္ဍာနှစ် ခုနစ်လတာကာလအတွင်း ပြည်ပနိုင်ငံများသို့ အမေရိကန်ဒေါ်လာ သန်း ၂၇၀ ကျော်တန်ဖိုးရှိ ဆန်နှင့် ဆန်ကွဲတန်ချိန် ခြောက်သိန်းခန့် တင်ပို့ထားပြီး အောက်တိုဘာလတွင် အများဆုံးတင်ပို့ထားကြောင်း  မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။ ထိုသို့တင်ပို့ရာတွင် ဧပြီလ ၁ ရက်မှ အောက်တိုဘာလ ၃၁ ရက်အထိ အမေ ရိကန်ဒေါ်လာ ၂၇၁ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲတန်ချိန်  ၅၈၃၆၈၃  တန်အထိ တင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။

လအလိုက်တင်ပို့ခဲ့ရာ၌ အောက်တိုဘာလတွင်  အမေရိကန်ဒေါ်လာ  ၆၃ သန်း တန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲတန်ချိန် ၁၁၉၅၂၆ တန်ဖြင့် အများဆုံးတင်ပို့နိုင်ခဲ့ပြီး မေလတွင် အမေရိကန်ဒေါ်လာ ၄၈ သန်း တန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲတန်ချိန် ၁၁၀၇၀၆ တန်ဖြင့် ဒုတိယအများဆုံး၊ ဧပြီလတွင် အမေရိကန်ဒေါ်လာ ၃၆ သန်း တန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၈၇၆၄၈ တန်ဖြင့် တတိယအများဆုံး တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

ယခုဘဏ္ဍာနှစ် ခုနစ်လတာကာလအတွင်း အများဆုံး တင်ပို့နိုင်ခဲ့သည့် အောက်တိုဘာလတွင် ဆန်တန်ချိန် ၈၀၁၁၅  တန်နှင့် ဆန်ကွဲတန်ချိန် ၃၉၄၁၁ တန်ကို ပြည်ပနိုင်ငံပေါင်း ၃၄ နိုင်ငံသို့  တင်ပို့ခဲ့ခြင်းဖြစ်သည်။ ထိုသို့တင်ပို့ရာတွင် ကုမ္ပဏီပေါင်း ၃၈ ခုမှ ပင်လယ်ရေကြောင်းကုန်သွယ်ရေးနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတို့မှ တင်ပို့ခဲ့သည်။ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်သည် ဆန်တင်ပို့မှုလျော့ကျနေသဖြင့် အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလ သုံးလအတွင်း တစ်လလျှင် ဆန်နှင့်ဆန်ကွဲတန်ချိန် နှစ်သိန်းတင်ပို့နိုင်ရန် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

Source: https://www.myawady.net.mm

Category: Local News