Local News

ကင်းမွန်၊ ငါးနှင့်ပါကေးများ စျေးနှုန်းကျဆင်းနေသည့်အတွက် ရေလုပ်ငန်းလုပ်ကိုင်သူများ အခက်အခဲဖြစ်ပေါ်နေကြောင်းသိရ

Last Updated:

ကင်းမွန်၊ ငါးနှင့် ပါကေးများ စျေးနှုန်းကျဆင်းနေသည့်အတွက် ရေလုပ်ငန်းလုပ်ကိုင်သူများ အခက်အခဲဖြစ်ပေါ်နေကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရသည်။ ယခုနှစ်ငါးဖမ်းရာသီတွင် ပင်လယ်ပြင်အတွင်း ငါးဖမ်းဆီးခြင်း လုပ်ကိုင်နေသည့် ငါးဖမ်းလှေများတွင် ငါးအထိအမိနည်းနေသည့်အပြင် ဝယ်လက်များက စျေးနှုန်းချထားသည့်အတွက် လုပ်ငန်းတွက်ချက်မကိုက် ဖြစ်နေကြောင်း သိရသည်။ မြိတ်ကျွန်းစုထွက် ရေသယံဇာတများကို အဓိကဝယ်ယူနေသည့် ထိုင်းနိုင်ငံတွင် ငါးစျေးကွက်ကျဆင်းနေသည်အပြင် Invoice သတ်မှတ်မှုကြီးမြင့်မှုနှင့်လည်း ကြုံတွေ့နေရကြောင်း သိရသည်။

“၁၀ တန်အထက်ကားတစ်စီးကို Invoice အပါအဝင် ငွေလဲရာခိုင်နှုန်းနှင့် အထွေထွေစရိတ် ပေါင်းရင်သိန်း ၆၀ လောက်ကုန်ကျနေတယ်။ ထိုင်းကလည်း ရေထွက်ကုန်တွေကို စျေးနှုန်းချထားတဲ့အတွက် လုပ်ငန်းလုပ်ကိုင်ရတာ အဆင်မပြေတော့ဘူး၊ လမ်းခရီးတစ်လျှောက် ကုန်ကျတာတွေ၊ အချိန်မီရောက်ဖို့သွားရတာတွေ ရှိသေးတယ်၊ မောတောင်နယ်စပ်ကနေ တင်ပို့မယ်ဆိုရင်လည်း အအေးခဲထားတဲ့ ကုန်တွေပဲရတယ်၊ ရေခဲစိမ်ကုန်တွေကို တင်ပို့လို့မရသေးဘူး၊ တချို့ကို ရေလမ်းခရီးကပဲ တင်ပို့ရတယ်၊ ထိုင်းတစ်နိုင်ငံလုံးမှာ ရေထွက်ပစ္စည်းတွေစျေးကျနေတော့ ဒီနှစ်အတော်ရုန်းကန်ရဦးမယ်” ဟု မြိတ်မြို့မှ လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

ပို့ကုန်ရငွေမှ ငွေလဲနှုန်းကို ယခင်က ၆၅ ရာခိုင်နှုန်း ၃၅ ရာခိုင်နှုန်းသတ်မှတ်ထားသော်လည်း နောက်ပိုင်းတွင် အစိုးရမှ ၅၀ ရာခိုင်နှုန်းစီ ဖြေလျော့ပေးထားခဲ့ကြောင်း သိရသည်။ “ဒီနှစ်ကင်းမွန်ရာသီအစ (အောက်တိုဘာလ) မှာ ကင်းမွန်တစ်ဗန်းကို ၃ သိန်းခွဲလောက်နှင့် စျေးကွက်ဖွင့်လာပေမယ့်၊ တစ်လအတွင်းမှာ တစ်ဗန်းကို ကျပ် ၂ သိန်းအထိ စျေးထိုးကျသွားတယ်၊ တရုတ်ဝယ်လက်တွေလည်း လောလောဆယ်မလာသေးတော့ ထိုင်းကိုပဲအားကိုးပြီး ရောင်းချနေရတယ်၊ ရေထွက်ပစ္စည်း တင်ပို့တဲ့သူတွေလည်း ထိုင်းမှာစျေးကျနေတဲ့အတွက် ကျွန်တော်တို့ဆီက ဝယ်ယူတဲ့အခါမှ စျေးချပြီး ပြန်ဝယ်ယူရတယ်၊ လောင်စာဆီစျေးနှုန်း၊ လှေထွက်စရိတ်တွေ ပေါင်းလိုက်ရင် အခက်အခဲဖြစ်နေတာပေါ့။ ကင်းမွန်လည်း ဒီနှစ်မှာ အထိအမိနည်းနေတယ်၊ ပါကေးတွေလည်း စျေးကျတယ်၊ တစ်ကီလိုကို ကျပ် ၉၀၀-၁၀၀၀ ကနေ အခုတစ်ကီလိုကို ၇၀၀ ကျပ်အထိ စျေးထိုးကျလာနေတယ်” ဟု ကင်းမွန်လှေလုပ်ကိုင်သူတစ်ဦးက ပြောကြားခဲ့သည်။

တရုတ်ငါးမစားသည့်ကာလ အောက်တိုဘာလမှစတင်ပြီး ငါးစျေးကွက်ကျဆင်းနေရာ ပြန်လည်တက်လာခြင်း မရှိတော့ကြောင်း၊ ရေထွက်ပစ္စည်းတင်ပို့ရာတွင် ငွေလဲနှုန်းသတ်မှတ်ထားမှုများ၊ ငါးအထိအမိ နည်းနေမှုများ၊ ငါးစျေးကွက် ကျဆင်းနေမှုများ၊ လောင်စာဆီစျေးနှုန်းကြီးမြင့်မှုများနှင့် အထွက်စရိတ်ကြီးမြင့်မှုများမှာ အဓိက စိန်ခေါ်ချက်များ ဖြစ်နေကြောင်း လုပ်ငန်းရှင်များက ပြောကြားသည်။     

Source: https://news-eleven.com

Category: Local News