International News

ကမ္ဘောဒီးယားနိုင်ငံသည် အီရတ်နိုင်ငံသို့ ဆန်ဈေးကွက်ချဲ့ထွင်ရန် ကြိုးပမ်းလျက်ရှိ

Last Updated:

ကမ္ဘောဒီးယားနိုင်ငံအတွက် အကြီးဆုံးဆန်ဈေးကွက်ဖြစ်သည့် တရုတ်နှင့် အီးယူတို့အပြင် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် အီရတ်တို့ကဲ့သို့သော နိုင်ငံများသည်လည်း ပစ်မှတ်ထားရမည့် အလား အလာရှိသော ဈေးကွက်များအဖြစ် ပေါ်ထွက်လာကြောင်း သိရှိရသည်။ ကမ္ဘာ့ဆန်အများဆုံးတင်သွင်းသည့် နိုင်ငံများမှာ တရုတ်၊ ဖိလစ်ပိုင်၊ အီးယူ၊ အီရတ်၊ နိုင်ဂျီး ရီးယားနှင့် အင်ဒိုနီးရှားတို့ဖြစ်ပြီး ဗီယက်နမ်နိုင်ငံသည် သတ္တမမြောက်နေရာတွင် ရပ်တည်နေကြောင်း ကမ္ဘာလုံးဆိုင်ရာ စာရင်းအင်း ဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် Statista ကို ကိုးကား၍ ကမ္ဘောဒီးယား စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာနမှ အတွင်းဝန်ဖြစ်သူ Yang Saing Koma က ဒီဇင်ဘာလ ၃ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။

အဆိုပါဈေးကွက်များအနက် ကမ္ဘောဒီးယားနိုင်ငံသည် တရုတ်နိုင်ငံနှင့် ဥရောပနိုင်ငံအချို့၌ ဝေစုရယူထားနိုင်ပြီး အင်ဒိုနီးရှားနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့သည်လည်း အလားအလာရှိသော ဆန်ဈေးကွက်များအဖြစ် စတင်၍ တင်ပို့လျက်ရှိကြောင်း၊ အနာဂတ်တွင် အီရတ်နိုင်ငံသည်လည်း ကမ္ဘောဒီးယား၏ စျေးကွက်ဖြစ်လာနိုင်ကြောင်း၊ ၁ နှစ်လျှင် ဆန်တန်ချိန်၃ သန်းမှ ၄ သန်းအကြား တင်သွင်းလျက်ရှိသော ဗီယက်နမ်သည်လည်း ကမ္ဘောဒီးယားထံမှ ဆန်အများဆုံး တင်သွင်းသည့်နိုင်ငံဖြစ်ကြောင်း၊ ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံးနိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံ၏ နောက်၌ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့က ရပ်တည်နေကြောင်းနှင့် လက်ရှိတွင် ကမ္ဘောဒီးယားနိုင်ငံက အဋ္ဌမအဆင့်၌ တည်ရှိနေကြောင်း၊ ၁ နှစ်လျှင် ဆန်တန်ချိန် ၁ သန်းတင်ပို့လျက် ပဉ္စမမြောက်ဆန်အများဆုံးတင်ပို့သူ ဖြစ်လာစေရန် ဝန်ကြီးဌာနအနေဖြင့် အရေးကြီးသောမူဝါဒများ၊ အထူးသဖြင့် အစိုးရက နိုဝင်ဘာလ ၂၀ ရက်နေ့တွင် စတင်ခဲ့သော ပဉ္စမနှင့် ဆဋ္ဌမ ဦးစားပေးမူဝါဒများကို တင်ပို့မှုပန်းတိုင်သို့ ရောက်ရှိနိုင်ရန် အလို့ငှာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်းဖြင့် အတွင်းဝန် Saing Koma က ပြောဆိုသည်။

ကမ္ဘောဒီးယား အစိုးရအဖွဲ့သစ်သည် လယ်ယာစီးပွားရေး ထုတ်လုပ်မှုကို မြှင့်တင်ရန်၊ ဘဏ္ဍာငွေထောက်ပံ့မှု အစီအစဉ်များမှတစ်ဆင့် ဈေးနှုန်းများ ဟန်ချက်ညီအောင် ထိန်းသိမ်းရန်၊ ကျေးရွာများတွင် အစိုးရအရာရှိများကို တာဝန်ပေးအပ်လျက် ခေတ်မီစိုက်ပျိုးရေး အသိုက်အဝန်းများ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရန်ရည်ရွယ်ချက်များဖြင့် ပဉ္စဂံမဟာဗျူဟာ အဆင့်-၁ ၌ မူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိသည်။

မျိုးဗီဇစစ်မှန်သည့် စပါးမျိုးစေ့များကို အသုံးပြု၍ ဆန်မွှေးစိုက်ပျိုးရန် အစိုးရက တောင်သူလယ်သမားများအား ဆွဲဆောင်လုပ်ကိုင်လျက်ရှိကြောင်း၊ အဆိုပါ စပါးမျိုးများအပေါ် ပြည်တွင်း ဆန်စက်များမှ ဝယ်လိုအား မြင့်မားမှုရှိကြောင်း၊ အခြားသော ခြောက်သွေ့ရာသီ စပါးမျိုးများနှင့် နှိုင်းယှဉ်ပါ ပြည်ပပို့ကုန်အတွက် ၎င်းဆန်မွှေးအမျိုးအစားကို စိုက်ပျိုးထုတ်လုပ်ခြင်းသည် ပိုမို လိုလားဖွယ်ရှိပြီး ဈေးနှုန်းတည်ငြိမ်မှုလည်းရှိကြောင်း၊ လယ်ယာလုပ်ငန်းစီမံခန့်ခွဲမှုတွင် မှန်ကန်သော အခြေခံမူများ၊ နည်းစနစ်များနှင့်အတူ စစ်မှန်သောမျိုးစေ့ကို အသုံးပြုခြင်းသည် အထွက်နှုန်း မြင့်မားစေရန် အထောက်အကူ ဖြစ်စေကြောင်း Saing Koma က ဆက်လက်ပြောကြားခဲ့သည်။

ကမ္ဘောဒီးယား ဆန်စပါးအသင်းချုပ် (CRF) ၏ ဥက္ကဋ္ဌ Chan Sokheang က ၎င်းတို့ အနေဖြင့် အစိုးရမှ ချမှတ်ထားသော မူဝါဒများ၊ အထူးသဖြင့် ဆန်စပါးကဏ္ဍအတွက် အရေးကြီးသည့် စိုက်ပျိုးရေးမဟာဗျူဟာကို အကောင်အထည်ဖော်ရာ၌ စဉ်ဆက်မပြတ် ပံ့ပိုးပေးလျက်ရှိကြောင်း၊ ကမ္ဘောဒီးယားဆန်ကို ကမ္ဘာက သိရှိလာစေရေးအတွက် ပြည်ပကုန်စည်ပြပွဲများတွင် ပါဝင်ခြင်းဖြင့် နိုင်ငံတကာဈေးကွက်ကို ရှာဖွေလျက်ရှိကြောင်း ပြောဆိုခဲ့သည်။

ယခုနှစ် နိုဝင်ဘာလအထိ စပါးစိုက်ဧရိယာ ဟက်တာ ၃.၆ သန်းကျော် စိုက်ပျိုးထားရှိမှုမှ စပါးတန်ချိန် ၆.၂ သန်း ထွက်ရှိခဲ့ပြီး ယခုနှစ်ကုန်ဆုံးချိန်တွင် စုစုပေါင်းအထွက် တန်ချိန် ၆.၃ သန်း ကျော်ရရှိရန် မျှော်မှန်းထားကြောင်း ကမ္ဘောဒီးယား စိုက်ပျိုးရေးဝန်ကြီးဌာန၏ အစီရင်ခံစာအရ သိရသည်။

Source: Phnom Penh Post, 4 Dec 2023

Source: https://www.doca.gov.mm

Category: International News