ရွှေနှင့် ရွှေထည်ပစ္စည်းများ တင်သွင်း၊ တင်ပို့ရာတွင် စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များ တစ်ပြေးညီဖြစ်ရန်၊ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရန်နှင့် နယ်စပ်ဖြတ်ကျော်၍ တစ်ဦးချင်းသယ်ဆောင်သည့် ရွှေများအား စီမံခန့်ခွဲမှုစနစ်ကို မြှင့်တင်ရန်ရည်ရွယ်၍ လက်ရှိစည်းမျဉ်းစည်းကမ်းများကို ပြင်ဆင်ရန် အဆိုပြုထားကြောင်း တရုတ်၊ မူဝါဒချမှတ်သူများက ပြောကြားခဲ့သည်။
ပြောင်းလဲတိုးတက်လာသော စီးပွားရေးအခြေအနေများ၊ ဥပဒေပိုင်းဆိုင်ရာလိုအပ်ချက်များနှင့် မူဝါဒဆိုင်ရာ ညှိနှိုင်းမှုများအရ စည်းမျဉ်း (မူကြမ်း) များကို တရုတ်နိုင်ငံ၊ ဗဟိုဘဏ် (PBOC) နှင့် တရုတ်၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့တို့ ပူးတွဲရေးဆွဲခဲ့ကြောင်း၊ အဆိုပါစည်းမျဉ်းမူကြမ်းအရ ရွှေနှင့် ရွှေထည်ပစ္စည်းများကို တစ်ဦးချင်းနယ်စပ်ဖြတ်ကျော်သယ်ဆောင်ခြင်း သို့မဟုတ် စာတိုက်မှတစ်ဆင့်ပေးပို့ခြင်းတို့ကို ပယ်ဖျက်ကာ အကောက်ခွန်ဌာနမှ စစ်ဆေးသွားမည်ဖြစ်သည်။
ထို့ပြင် စီးပွားရေးလုပ်ငန်းများနှင့် ပြည်သူလူထုအတွက် လက်တွေ့တွင် ထိရောက်မှုရှိသော လုပ်ထုံးလုပ်နည်းများကို တရားဝင်ပြဋ္ဌာန်းသွားမည်ဖြစ်ကာ အကောက်ခွန်ကြီးကြပ်နိုင်သည့် နယ်ပယ်ကို ရှင်းလင်းစွာ သတ်မှတ်ပေးခြင်း၊ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်နေသည့် နိုင်ငံခြားကုန်သွယ်မှု ကုမ္ပဏီများအား ကြီးကြပ်နိုင်မှုကို မြှင့်တင်ပေးခြင်းနှင့် စည်းကမ်းဖောက်ဖျက်မှုများအတွက် ပြစ်ဒဏ်ကို ပိုမိုကောင်းမွန်အောင်ပြုလုပ်ခြင်းဖြင့် ကြိုတင်ကြီးကြပ်စစ်ဆေးမှု (ex-ante supervision) ကို တွန်းအားပေးမည်ဖြစ်ကြောင်း တရုတ်၊ ဗဟိုဘဏ်က ပြောကြားခဲ့သည်။
Source: https://commerce.gov.mm/