Local News

ပြီးခဲ့သည့်ထောပတ်သီးရာသီတွင် ထိုင်းနိုင်ငံသို့ Hass ထောပတ်သီးတန်ချိန် ၁၀၀၀ ကျော်နှင့် တခြားထောပတ်သီးအမျိုးအစား တန်ချိန် ၃၀၀၀ ခန့် တင်ပို့နိုင်ခဲ့

Last Updated:

          မြန်မာနိုင်ငံမှထွက်ရှိသော Hass ထောပတ်သီးကို ပြီးခဲ့သည့်ထောပတ်သီးရာသီတွင် ထိုင်းနိုင်ငံသို့ တန်ချိန် ၁၀၀၀ ကျော်တင်ပို့ခဲ့ပြီး တခြားထောပတ်သီးအမျိုးအစား တန်ချိန် ၃၀၀၀ ခန့် တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။ မြန်မာနိုင်ငံ၏ မဟာဗျူဟာမြောက် ပြည်ပပို့ကုန်စာရင်းတွင်ပါဝင်သော သီးနှံတစ်မျိုးဖြစ်သည့် ထောပတ်သီးကို ပြည်ပနိုင်ငံများက စိတ်ဝင်စားလာသောကြောင့် နိုင်ငံတကာဈေးကွက်သို့ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်တင်ပို့ရောင်းချကာ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ အိန္ဒိယ၊ တရုတ်နှင့် တခြားပြည်ပနိုင်ငံများသို့ ဈေးကွက်တိုးချဲ့လာနိုင်စေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

          “ပြီးခဲ့တဲ့ ထောပတ်သီးရာသီက ကျိုင်းတုံ-တာချီလိတ် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကနေတစ်ဆင့် ထိုင်းနိုင်ငံကို Hass ထောပတ်သီးတန်ချိန်  ၁၀၀၀ ကျော်  တင်ပို့ခဲ့ပါတယ်။ ဒါ့ပြင်   တခြားထောပတ်သီး  အမျိုးအစားတွေကိုလည်း တန်ချိန် ၃၀၀၀ လောက် တင်ပို့နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ မေလဆန်းကလည်း စင်ကာပူနိုင်ငံက ဝယ်လက်တွေအများကြီးရရှိခဲ့ပါတယ်” ဟု မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ်  တင်ပို့ရောင်းချသူများအသင်း  ဒုတိယဥက္ကဋ္ဌ ဦးမျိုးညွန့်က ပြောသည်။

          မြန်မာနိုင်ငံမှထွက်ရှိသော  ထောပတ်သီးများကို ပြီးခဲ့သည့်နှစ်က မလေးရှားနိုင်ငံသို့  စမ်းသပ်တင်ပို့နိုင်ခဲ့ပြီး လက်ရှိတွင် အိန္ဒိယနိုင်ငံသို့လည်း နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှတစ်ဆင့် အနည်းငယ်စတင်တင်ပို့နေပြီဖြစ်ရာ လာမည့်ထောပတ်သီးရာသီတွင် မလေးရှားနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သို့ မြန်မာနိုင်ငံမှ ထောပတ်သီးများ ဈေးကွက်တိုးချဲ့ တင်ပို့လာနိုင်ဖွယ်ရှိကြောင်း၊ ထို့ပြင် တရုတ်နိုင်ငံသို့လည်း  G to G စနစ်ဖြင့်တင်ပို့နိုင်ရန် သက်ဆိုင်ရာဌာနများ အချင်းချင်းစတင်ညှိနှိုင်း ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

          ယခုအခါ စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲနှင့် မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းတို့ ပူးပေါင်းကာ ပြည်တွင်းမှ ထောပတ်သီးစိုက်တောင်သူများကို ထောပတ်သီးတွင် ကျရောက်တတ်သောဖျက်ပိုးများ ကာကွယ်နှိမ်နင်းခြင်းနှင့် အရည်အသွေး ကောင်းသစ်သီးများ ထုတ်လုပ်မှု စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများကို အခါအားလျော်စွာ  ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရသည်။

Source: https://www.myawady.net.mm/node/41853

Category: Local News