Local News

ဖျာပုံမြို့နယ်မှထွက်ရှိသည့် ခုံးတစ်ပိဿာလျှင် ငွေကျပ် ၇၅၀၀ ထိ ဈေးကောင်းရရှိနေ

Last Updated:

     ဧရာဝတီတိုင်း‌ဒေသကြီး ဖျာပုံမြို့နယ်မှထွက်ရှိသည့် ခုံးတစ်ပိဿာလျှင် ငွေကျပ် ၇၅၀၀ ထိ ဈေးကောင်းရရှိနေကြောင်း ဖျာပုံမြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံ လုပ်ငန်းရှင် ဒေါ်သူဇာက ပြောပြ၍ သိရသည်။ ဖျာပုံမြို့နယ်တွင် သဘာဝအတိုင်းဖမ်းယူရရှိသည့် ခုံးများကိုရန်ကုန်ဈေးကွက်သို့ တင်ပို့ ရောင်းချလျက်ရှိကြောင်း၊ မေလနှင့် ဇွန်လတို့က ခုံးတစ်ပိဿာလျှင်ငွေကျပ် ၅၅၀၀ သာ ဈေးရရှိခဲ့ပြီး ဩဂုတ်လ ၁ ရက်မှ ယနေ့(ဩဂုတ်လ ၁၂ )ရက်နေ့အထိ ခုံးတစ်ပိဿာလျှင် ငွေကျပ် ၇၅၀၀ ထိ ဈေးကောင်းရရှိနေကြောင်း သိရသည်။

     “ဖျာပုံမြို့နယ်ကနေထွက်ရှိတဲ့ခုံးတွေ အဝယ်လိုက်နေတယ်။ ပြည်တွင်းဈေးကွက်မှာကို အဝယ်လိုက်နေတာပါ။ အဝယ်လိုက်နေတဲ့အပြင် ဈေးပါကောင်းလာတယ်။ ဒါကြောင့် ဒေသခံ ရေလုပ်သားတွေ အဆင်ပြေလာပါတယ်။ ဖျာပုံဘက်မှာက ခုံးကို သဘာဝအတိုင်း ရှာဖွေဖမ်းယူ ရရှိကြတာဖြစ်ပါတယ်။ ဒေသထွက်ခုံးတွေကို ဖျာပုံမြို့ကနေတစ်ဆင့် ရန်ကုန်ဈေးကွက်ကို အဓိကတင်ပို့ရောင်းချနေပါတယ်” ဟု ဖျာပုံမြို့နယ်ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေးပွဲရုံ လုပ်ငန်းရှင် ဒေါ်သူဇာက ပြောပြသည်။

   ဖျာပုံမြို့နယ်တွင် ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေးလုပ်ငန်းရှင်များသည် ခုံးများကို ဝယ်ယူပြီးရေနွေးဖြင့်ပြုတ်၊ အခွံခွာစားသုံးနိုင်သည့်အဆင့်ထိ စနစ်တကျလုပ်ဆောင်ပြီး လည်းကောင်း၊ အစိမ်းအတိုင်းလည်းကောင်း ရန်ကုန်မြို့သို့ တင်ပို့ရောင်းချလျက်ရှိပြီး ရန်ကုန်မြို့မှတစ်ဆင့် အခြားဒေသများသို့ တင်ပို့ရောင်းချနေကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News