Local News

မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်မြို့သို့ ပြီးခဲ့သည့်ဇူလိုင်ကအတွင်းက အုန်းသီးအလုံးရေ ၃၂၀၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရ

Last Updated:

     ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်မြို့သို့ ပြီးခဲ့သည့်ဇူလိုင်ကအတွင်းက အုန်းသီးအလုံးရေ ၃၂၀၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း မော်လမြိုင်ကျွန်းမြို့နယ်မှ အုန်းသီးရောင်းဝယ်ရေးလုပ်ငန်းရှင် ဒေါ်စုစုခိုင်က ပြောပြ၍ သိရသည်။

     မော်လမြိုင်ကျွန်းမြို့နယ်မှ အုန်းသီးရောင်းဝယ်ရးလုပ်ငန်းရှင်များသည် ဒေသထွက် အုန်းသီးများကိုဝယ်ယူပြီး အခွံပါ၊ အခွံမပါနှင့် အနုသီးစသည့်ပုံစံဖြင့် အသီးသုံးမျိုးကို တင်ပို့ရောင်းချနေကြောင်း၊ ပြီးခဲ့သည့် ဇွန်လ ၁ ရက်မှ ဇွန် ၃၀ ရက်ထိ အုန်းသီးအလုံးရေ ၁၇၀၀၀၀ ထိသာ တင်ပို့ရောင်းချခဲ့ရပြီး ဇူလိုင်လ ၁ ရက်မှ ဇူလိုင်လ ၃၁ ရက်ထိ တစ်လအတွင်း အုန်းသီးအလုံးရေ ၃၂၀၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း သိရသည်။

     “မော်လမြိုင်ကျွန်းမြို့နယ်ထွက် အုန်းသီးတွေကို ရန်ကုန်ဈေးကွက်ကိုပဲ အဓိကတင်ပို့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက အုန်းသီးအလုံးရေ ၃၀၀၀၀၀ ကျော်ထိ တင်ပို့ ရောင်းချခဲ့ရပါတယ်။ အုန်းသီးဝယ်လိုအားကောင်းလာသလို ဈေးကောင်းလည်းရရှိနေပါတယ်။ ရန်ကုန်ကနေတစ်ဆင့် ပြည်ပဈေးကွက်ကိုလည်း တင်ပို့ရောင်းချပါတယ်” ဟု မော်လမြိုင်ကျွန်းမြို့နယ်မှ အုန်းသီးရောင်းဝယ်ရေးလုပ်ငန်းရှင် ‌ဒေါ်စုစုခိုင်က ပြောပြသည်။

       မော်လမြိုင်ကျွန်းမြို့နယ်မှ ထွက်ရှိသည့်အုန်းသီးများကို ကုန်တင်ကား၊ ကုန်တင်ရေယာဉ်များဖြင့် တင်ပို့ရောင်းချနေပြီး အုန်းသီးအလုံးရေ ၁၀၀ လျှင် ငွေကျပ် ၅၇၀၀၀ ထိ ဈေးရှိ ကြောင်း၊ အဆိုပါ ဒေသထွက်အုန်းသီးများ ဈေးကောင်းလာခြင်း၊ ဝယ်လိုအားကောင်းလာ ခြင်းကြောင့် အုန်းစိုက်ပျိုးရေးတောင်သူများ၊ ကုန်ထမ်းလုပ်သားများ၊ ပွဲရုံလုပ်ငန်းရှင်များ၊ ကုန်တင်ကားအဌားလိုက်သူများ အဆင်ပြေနေကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News