Local News

မန္တလေးဈေးကွက်အတွင်း ပဲပုပ်(ဗမာ) အရောင်းအဝယ်ကောင်းပြီး ၅၃ ပိဿာဝင် တစ်အိတ် လျှင် ငွေကျပ် ၂၁၅၀၀၀ ပေါက်ဈေးရှိလာ

Last Updated:

     မန္တလေးဈေးကွက်အတွင်း ပဲပုပ်(ဗမာ) အရောင်းအဝယ်ကောင်းပြီး ၅၃ ပိဿာဝင် တစ်အိတ်လျှင် ငွေကျပ် ၂၁၅၀၀၀ ပေါက်ဈေးရှိလာကြောင်း ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း(မန္တလေးကုန်စည်ဒိုင်) အတွင်းရေးမှူး ဦးစက်မောင်ဆွေက ပြောပြ၍ သိရသည်။ ယခုအခါ ရေဦးဘက်မှထွက်ရှိသည့် ပဲပုပ်(ဗမာ)များ မန္တလေးဈေးကွက်အတွင်း အရောင်းအဝယ်ကောင်းမွန်လာပြီး ကုန်သည်များက ဈေးကောင်းပေး၍ ဝယ်ယူမှုများရှိကြောင်း သိရသည်။

     “ရေဦးဘက်ကထွက်တဲ့ ပဲပုပ်(ဗမာ)ကို အခုတစ်လော မန္တလေးဈေးကွက်အတွင်း အဝယ်လိုက်နေပြီး အရောင်းအဝယ်ကောင်းနေတယ်။ ပြည်ပကနေ မှာယူမှုကတော့ အနည်းငယ်လောက်ပဲရှိပါတယ်” ဟု ဦးစက်မောင်ဆွေက ပြောပြသည်။ မန္တလေးဈေးကွက်အတွင်း ဩဂုတ်လ ပထမပတ်က ပဲပုပ်(ဗမာ) အရောင်းအဝယ်အေးသဖြင့် ပဲပုပ်(ဗမာ) ၅၃ ပိဿာဝင် တစ်အိတ်လျှင် ငွေကျပ် ၂၁၀၀၀၀ သာ ပေါက်ဈေးရှိခဲ့သော်လည်း ယခုအခါ ပဲပုပ်(ဗမာ)များ အရောင်းအဝယ်ကောင်းလာခြင်းကြောင့် ယနေ့(ဩဂုတ်လ ၁၃)ရက်နေ့ ပေါက်ဈေးအရ ပဲပုပ်(ဗမာ) ၅၃ ပိဿာဝင်တစ်အိတ်လျှင် ငွေကျပ် ၂၁၅၀၀၀ ပေါက်ဈေးရှိလာကြောင်း သိရသည်။

     အလားတူ ရှမ်းပြည်နယ်ဘက်မှထွက်ရှိသည့် ပဲပုပ်(ရှမ်း) အမျိုးအစားများလည်း မန္တလေးဈေးကွက်အတွင်း ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယနေ့ (ဩဂုတ်လ ၁၃) ရက်နေ့ပေါက်ဈေးအရ ပဲပုပ်(ရှမ်း) ၅၃ ပိဿာဝင် တစ်အိတ်လျှင် ငွေကျပ် ၁၆၅၀၀၀ ပေါက်ဈေးရှိကြောင်း ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေးကုန်စည် ဒိုင်)မှ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News