International News

ထိုင်းမင်းဂွတ်သီး ရေနွေးငွေ့ဖြင့် ပိုးသတ်ခြင်း မပြုဘဲ ဂျပန်သို့ တင်ပို့ခွင့် ရရှိ

Last Updated:

     ထိုင်းနိုင်ငံမှ မင်းဂွတ်သီးများ ဂျပန်နိုင်ငံသို့ တင်ပို့သည့်အခါ သီးထိုးယင်များ ကင်းစင်စေရန် ကုန်ကျစရိတ်များသော ရေနွေးငွေ့ဖြင့် ပိုးသတ်ပေးခြင်းကို မလွှဲမသွေဆောင်ရွက်ပေးခဲ့ရသည်။ ယခုအခါ ရေနွေးငွေ့ဖြင့် ပိုးသတ်ခြင်းကို လုပ်ဆောင်ရန်မလိုတော့ဘဲ ကင်းလွတ်ခွင့်ပေးလိုက်ပြီဖြစ်သည်ဟု အမျိုးသားစိုက်ပျိုးရေး ကုန်စည်နှင့်စားသောက်ကုန် စံချိန်စံညွှန်းဌာန အမြဲတမ်း အတွင်းဝန် Pisan Pongsapitch က ပြောကြားသည်။

     ဂျပန်-ထိုင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် Japan-Thailand Economic Partnership Agreement ((JTEPA) အောက်တွင် အတည်ပြုထားသော ကင်းလွတ်ခွင့်ကို ဂျပန်နိုင်ငံ၏ တရားဝင်ပြန်တမ်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။ ရေနွေးငွေ့ဖြင့် ပိုးသတ်ခြင်းလုပ်ငန်းစဉ်မပါဘဲ ဂျပန်နိုင်ငံသို့တင်ပို့မည့် မင်းဂွတ်သီး ပထမဆုံးအသုတ်ကို ဂျပန်တာဝန်ရှိသူများက ယခု ဩဂုတ်လ တတိယပတ်တွင် စစ်ဆေးပေးမည်ဖြစ်ကြောင်း Pisan မှ ပြောကြားသည်။ သို့ဖြစ်ရာ ဩဂုတ်အတွင်းမှာ ၎င်း ပထမအသုတ်ကို တင်ပို့နိုင်မည်ဟု Pisan က ပြောကြားသည်။

     အဆိုပါ လုပ်ငန်းစဉ်မှ ကင်းလွတ်ခွင့်သည် ထိုင်းနိုင်ငံမှတင်ပို့သော မင်းဂွတ်သီးများကို ကုန်ကျစရိတ်သက်သာစေပြီး သစ်သီးများ ရက်ပိုကြာကြာလတ်ဆတ်နေစေမည်ဖြစ်ကြောင်း Pisan က ဆိုသည်။ ထို့ပြင် ဂျပန်နိုင်ငံသို့ ထိုင်းနိုင်ငံမှ မင်းဂွတ်သီးများ တစ်နှစ်လျှင် တန် ၂၀၀ ဝန်းကျင် ပိုမိုတင်ပို့နိုင်စေမည် ဖြစ်သည်။ သို့ဖြစ်ရာ တစ်နှစ်လျှင် ဘတ် သန်း ၂၀၀ ဝန်းကျင် ပိုမိုရရှိမည် ဖြစ်သည်။ စိုက်ပျိုးရေးဌာနမှ မှတ်ပုံတင်ပေးထားပြီး လက်မှတ်ထုတ်ပေးထားသော မင်းဂွတ်သီးခြံများမှ မင်းဂွတ်သီးများကိုသာ ရေနွေးငွေ့ဖြင့်ပိုးသတ်ခြင်း လုပ်ငန်းစဉ် မပါဘဲ ဂျပန်နိုင်ငံသို့ တင်ပို့ခွင့်ရှိကြောင်း Pisan က ပြောကြားသည်။

Source: https://www.foodindustrydirectory.com.mm

Category: International News