Local News

ယခုနှစ် အောက်တိုဘာလတွင် အမေရိကန်ဒေါ်လာ ၂၃ သန်းကျော်တန်ဖိုးရှိ ဓာတ်မြေဩဇာ တန်ချိန် ၅၈၀၀၀ ကျော် တင်သွင်းခဲ့

Last Updated:

ယခုနှစ် အောက်တိုဘာလတွင် အမေရိကန်ဒေါ်လာ ၂၃ သန်းကျော် တန်ဖိုးရှိ ဓာတ်မြေဩဇာ တန်ချိန် ၅၈၀၀၀ ကျော်တင်သွင်းခဲ့ကြောင်း သိရသည်။ ယခုအခါ ဆောင်းသီးနှံစိုက်ပျိုးရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများတွင် မရှိမဖြစ်လိုအပ်နေသည့် ဓာတ်မြေဩဇာဈေးကွက်များ သွက်လက်လာခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဓာတ်မြေဩဇာများကို ပင်လယ်ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းက တင်သွင်းလျက်ရှိရာ ပြီးခဲ့သည့်အောက်တိုဘာလက ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းက အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၃၂၃ သန်းတန်ဖိုးရှိ ဓာတ်မြေဩဇာ တန်ချိန် ၅၃၆၅၀၊ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းက အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၄၉ သန်းတန်ဖိုးရှိ ဓာတ်မြေဩဇာတန်ချိန် ၄၇၀၀ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၈၇၂ သန်းတန်ဖိုးရှိ ဓာတ်မြေဩဇာတန်ချိန် ၅၈၃၅၀ တင်သွင်းခဲ့ကြောင်း သိရသည်။

ထိုသို့တင်သွင်းရာတွင် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းက တရုတ်နိုင်ငံမှ တန်ချိန် ၄၁၀၀၀၊ တောင်ကိုရီးယားနိုင်ငံမှ ၄၀၀၀၊ ဥဇဘက်ကစ္စတန်နိုင်ငံမှ တန်ချိန် ၃၆၀၀၊ အီရန်နိုင်ငံမှ တန်ချိန် ၂၀၀၀၊ ဗီယက်နမ်နိုင်ငံမှ တန်ချိန် ၁၀၀၀၊ ကနေဒါနိုင်ငံမှ တန်ချိန် ၅၀၀၊ အင်္ဂလန်နိုင်ငံမှ တန်ချိန် ၅၀၀၊ လာအိုနိုင်ငံမှ တန်ချိန် ၅၀၀၊ ထိုင်းနိုင်ငံမှ တန်ချိန် ၄၀၀၊ ဂျာမနီနိုင်ငံမှ တန်ချိန် ၁၅၀ စုစုပေါင်း ဓာတ်မြေဩဇာ တန်ချိန် ၅၃၆၅၀ တင်သွင်းခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးစခန်းများက ထိုင်းနိုင်ငံမှ တန်ချိန် ၁၂၀၀၊ တရုတ်နိုင်ငံမှ တန်ချိန် ၃၅၀၀ စုစုပေါင်း ဓာတ်မြေဩဇာတန်ချိန် ၄၇၀၀ တင်သွင်းခဲ့ကြောင်း သိရသည်။

ယခုအခါ မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရာသီအလိုက်တောင်သူများလိုအပ်သော သွင်းအားစုများကို ဈေးနှုန်းသက်သာစွာ အချိန်မီဝယ်ယူအသုံးပြုနိုင်ရေးအတွက် စိစစ်ထောက်ခံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News