Local News

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ မန္တလေးတိုင်းဒေသကြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

Last Updated:

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူးရုံး၌ ကုန်သွယ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင် ရေးအဖွဲ့နှင့် ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီရုံး (မန္တလေးရုံးခွဲ)တို့မှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ကုန်သွယ်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး၊ ကုန်သွယ်မှုမြှင့်တင်ရေး၊ စားသုံးသူများ ပစ္စည်းအရည်အသွေး မှန်ကန်စွာဝယ်ယူနိုင်ရေး၊ ကုန်အမှတ် တံဆိပ် မူပိုင်ခွင့်ဥပဒေအပါအဝင် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေအား ဥပဒေ၊ နည်းဥပဒေနှင့်အညီဆောင်ရွက်ရေးအတွက် လုပ်ငန်းတာဝန်များကို စေတနာထား ဆောင်ရွက်ပေးကြရန်၊ တာဝန်ဆောင်ရွက်ရာတွင် အဂတိလုံးဝကင်းရန်၊ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စွမ်းအားပြည့်ဆောင်ရွက်ရန် အကျယ်တဝင့် မှာကြားခဲ့သည်။

ထို့နောက်ပြည်ထောင်စုဝန်ကြီးသည် ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးစက်မှုဇုန်ရှိ အာရှလှိုင်းကျော် ပဲခွဲစက်ရုံအတွင်း ပဲများသန့်စင်၊ ကြိတ်ခွဲ၊ ထုတ်ပိုးနေမှုများအား ကြည့်ရှုစစ်ဆေး၍ ပြည်တွင်းဖူလုံမှုရှိရေး၊ ပြည်ပသို့ ပို့ကုန်မြှင့်တင်ပေးပို့ရေး၊ ပြည်ပဈေးကွက်ရရှိရေးတို့အား သတ်မှတ်စည်းမျဉ်း စည်းကမ်းနှင့်အညီ ဆောင်ရွက်ရန် မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများနှင့်အတူ နေ့လယ်စာ အတူတကွ စားသုံးခဲ့ကြောင်း သတင်းရရှိသည်။

Source: https://commerce.gov.mm

Category: Local News