Local News

ရေနံချောင်းမြို့နယ်အတွင်း မြေပဲစိုက်ပျိုးထွက်ရှိမှုအခြေအနေ

Last Updated:

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ်အတွင်းရှိ ကမ္မ၊ သပွတ်စု၊ လက္ခုပ္ပင်၊ သားလူးကန်၊ မန်ကျည်းတိုင်း၊ ဝါရိုး၊ ကျောက်ဆူကျေးရွာများတွင် ဆီထွက်သီးနှံတစ်မျိုးဖြစ်သော မြေပဲသီးနှံကိုစီးပွားဖြစ်စိုက်ပျိုးကြကြောင်း၊ မြေပဲမျိုးအနေဖြင့် ပင်ထောင်မျိုးနှင့် ပင်ပြန့်မျိုးကိုသာ အဓိကထားစိုက်ပျိုးရပြီး တစ်ဧကလျှင် မျိုးမြေပဲဆန် (၂) တင်းခန့် စိုက်ပျိုးရကြောင်း၊ မြေပဲသီးနှံ စိုက်ပျိုးမှုအနေဖြင့် မိုးရွာသွန်းမှုကိုအခြေခံ၍ ကဆုန်လနှင့်နယုန်လများတွင် စတင်စိုက်ပျိုးကြကြောင်းနှင့် ယခုနှစ်တွင် မျိုး၊ ထွန်ယက်ခ၊ သွင်းအားစု၊ ပေါင်းရှင်းခအပါအဝင် စုစုပေါင်းကုန်ကျ စရိတ်အနေဖြင့် မြေပဲ (ပင်ပြန့်မျိုး) တစ်ဧကလျှင်ကျပ် (၂၈၀,၀၀၀)၊ မြေပဲ(ပင်ထောင်မျိုး) တစ်ဧကလျှင် ကျပ် (၂၆၀,၀၀၀) ခန့် ကုန်ကျကြောင်း သိရသည်။

မြေပဲ(ပင်ပြန့်မျိုး) များကို သီတင်းကျွတ်လတွင် တူးဖော်ကြပြီး မြေပဲ (ပင်ထောင်မျိုး) များကို တော်သလင်းလပြည့်ကျော်တွင် တူးဖော်ရကြောင်း၊ မြေပဲအထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် မိုးရွာသွန်းမှုအပေါ်မူတည်၍ မိုးရွာသွန်းမှုများပါက မြေပဲတောင့် တင်း (၇၀ မှ ၈၀) အထိ ထွက်ရှိနိုင်ပြီး မိုးရွာသွန်းမှုနည်းပါက မြေပဲတောင့် တင်း(၄၀ မှ ၅၀)အထိ ထွက်ရှိနိုင်ကြောင်း၊ ဈေးနှုန်းအနေဖြင့် ပင်ထောင်မျိုး (အစို) တစ်တင်းလျှင် ကျပ် (၁၃,၀၀၀ မှ ၁၄,၀၀၀)၊ ပင်ထောင်မျိုး (အခြောက်) တစ်တင်းလျှင် ကျပ် (၁၈,၀၀၀ မှ ၂၀,၀၀၀) ရရှိပြီး ပင်ပြန့်မျိုး (အစို) တစ်တင်းလျှင် ကျပ် (၁၅၀၀၀ မှ ၁၆၀၀၀)၊ ပင်ပြန့်မျိုး (အခြောက်) တစ်တင်းလျှင် ကျပ် (၂၀,၀၀၀ မှ ၂၂,၀၀၀) ဖြင့် ရောင်းချရ ကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းနှင့် မကွေးမြို့သို့ရောင်းချရကြောင်း မြေပဲစိုက်တောင်သူ တစ်ဦးထံမှ သိရသည်။

Source: DOCA (မကွေး)

Source: https://commerce.gov.mm

Category: Local News