Local News

ဘိုကလေးမြို့နယ်တွင် ငှက်ပျောသီးများ ဈေးကောင်းရရှိနေသဖြင့် အရောင်းအဝယ်သွက်နေ

Last Updated:

     ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်တွင် ငှက်ပျောသီးများ ဈေးကောင်းရရှိနေ သဖြင့် အရောင်းအဝယ်သွက်နေကြောင်း ဘိုကလေးမြို့မှ ငှက်ပျောသီးရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။ ဘိုကလေးမြို့နယ်တွင် ယခုနှစ် ဇွန်လနှင့် ဇူလိုင်လက ဖီးကြမ်းငှက်ပျောသီးဖီးရေ ၁၀၀ လျှင် ငွေကျပ် ၆၀၀၀၀၀၊ ရခိုင်ငှက်ပျောသီးဖီးရေ ၁၀၀ လျှင် ငွေကျပ် ၅၅၀၀၀ ထိသာ ဈေးရှိခဲ့ပြီး ဩဂုတ်လ ၁ ရက်မှ ယနေ့(ဩဂုတ်လ ၁၄)ရက်နေ့အထိ ဖီးကြမ်းငှက်ပျောသီးဖီးရေ ၁၀၀ လျှင် ငွေကျပ် ၁၁၀၀၀၀မှ ၁၂၀၀၀၀၊ ရခိုင်ငှက်ပျောသီးဖီးရေ ၁၀၀ လျှင် ငွေကျပ် ၉၅၀၀၀ မှ ၁၀၀၀၀ ထိ ဈေးကောင်းရနေကြောင်း သိရသည်။

     “ဒီနှစ်တော့ ငှက်ပျောသီးဈေးကောင်းနေပါတယ်။ ဒါပေမဲ့လက်ရှိ ဒေသထွက်ငှက်ပျောသီးတွေ အထွက်နည်းနေတယ်။ မနှစ်က ရာသီဥတုမမှန်လို့ ပိုးကျပျက်စီးခဲ့တာနဲ့ စပါးကိုပဲ အဓိကစိုက်ပျိုးလာကြတော့ ဒီနှစ် ငှက်ပျောစိုက်ပျိုးတဲ့သူတွေ အတော်နည်းသွားပါတယ်။  အခုက  ငှက်ပျောသီးဈေးကောင်းရနေလို့  အရောင်းအဝယ်သွက်နေပါတယ်။  ဒီက  ငှက်ပျောသီးတွေကို  ပုသိမ်ဈေးကွက်နဲ့ ရန်ကုန်ဈေးကွက်ကို တင်ပို့နေပါတယ်” ဟု ဘိုကလေးမြို့မှ ငှက်ပျောသီးပွဲရုံပိုင်ရှင် ဒေါ်စန်းဝေက ပြောပြသည်။

   ဘိုကလေးမြို့နယ်မှ ဒေသခံတောင်သူများသည် ငှက်ပျောသီးများကို ၁ ဧကမှ ၁၅ ဧက ထိ သီးသန့်စိုက်ပျိုးခြင်းဖြစ်လည်းကောင်း၊ အိမ်ခြံဖြင့်တစ်နိုင်တစ်ပိုင် စိုက်ပျိုးခြင်းဖြစ် လည်းကောင်း စိုက်ပျိုးကြကြောင်း၊ အဆိုပါ ဒေသထွက်ငှက်ပျောသီးများကို ရန်ကုန်မြို့သို့ တင်ပို့ရောင်းချလျက်ရှိပြီး ဖီးကြမ်းငှက်ပျောသီးနှင့် ရခိုင်ငှက်ပျောသီးနှစ်မျိုးသာ အများဆုံး စိုက်ပျိုးလျက်ရှိကြောင်း ဘိုကလေးမြို့မှ ငှက်ပျောသီးရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။

Source: ရတနာပုံသတင်းစာ 

Category: Local News