Local News

ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး (၂၀) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် (၂၀) ကြိမ်မြောက် တရုတ်-အာဆီယံ စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှထွက်ခွာ

Last Updated:

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့၌ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် (၂၀) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် (၂၀) ကြိမ်မြောက် တရုတ်-အာဆီယံ စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုထိပ်သီးအစည်းအဝေးသို့  တက်ရောက်ရန်  ၂၀၂၃ ခုနှစ်၊  စက်တင်ဘာလ  ၁၄  ရက်နေ့၊  (၁၀:၁၀)  နာရီအချိန်တွင်  စင်းလုံးငှားလေယာဉ်ဖြင့်  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားရာ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးဘိုဌေးနှင့် တရုတ်နိုင်ငံသံရုံးမှ စီးပွားရေးသံမှူး Mr. OU YANG daobing တို့ လိုက်ပါပို့ဆောင်ခဲ့ကြသည်။

အဆိုပါ (၂၀) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် (၂၀) ကြိမ်မြောက် တရုတ် - အာဆီယံ စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးတို့အား “ရပ်ဝန်းနှင့် ပိုးလမ်းမ အရည်အသွေးမြင့်စွာ ဖွံ့ဖြိုးလာစေရေးမြှင့်တင်ခြင်းနှင့် ကြီးထွားမှုဗဟိုချက် အသစ်ကို ပြုစုပျိုးထောင်ပေးခြင်းတို့ဖြင့် အတူမျှဝေခံစားသည့် အနာဂတ်နှင့် ဟန်ချက်ညီမျှသည့် နေရာတစ်ခု ဖြစ်လာစေရေးအတွက် အတူတကွကြိုးပမ်းဆောင်ရွက်ကြပါစို့” ဟူသော ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်ပါသည်။

အဆိုပါခရီးစဉ်သို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးကျော်ဆန်း၊ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး၊ ဦးသိန်းဌေး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး၊ ဦးမျိုးမြင့်အောင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး၊ ဦးဇော်ဝင်း၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါတို့နှင့်အတူ မြန်မာနိုင်ငံမှ ပါဝင်တက်ရောက်မည့် စီးပွားရေးလုပ်ငန်းရှင် (၂၀၉) ဦးတို့လည်း လိုက်ပါသွားကြပါသည်။ မြန်မာနိုင်ငံအနေဖြင့် ဆန်စပါးကဏ္ဍ၊ ရေထွက်လုပ်ငန်းကဏ္ဍ၊ သစ်သီးဝလံကဏ္ဍ၊ ကော်ဖီနှင့်လက်ဖက်ကဏ္ဍ၊ ဟင်းခတ်အမွှေးအကြိုင်ကဏ္ဍ၊ သစ်သားထည်ကဏ္ဍ၊ အထည်အလိပ်နှင့် အဝတ်အထည် ကဏ္ဍ၊ လက်မှုအနုပညာကဏ္ဍနှင့် ကျောက်မျက်ကဏ္ဍတို့အတွက် ပြခန်းပေါင်း (၈၀) ဖြင့်  ပါဝင်ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Source: https://commerce.gov.mm

Category: Local News