Local News

စမုံနှမ်းနက် ဈေးပြန်တက်လာပြီ နှမ်းဖြူဈေးကျသွား ပေမယ့် နှမ်းမျိုးစုံ အဝယ်သွက်နေ

Last Updated:

နှမ်းမျိုးစုံဈေးကွက်သည် မန္တလေးဈေးကွက်တွင် စမုံနှမ်းနက်က ဈေးနူန်းပြန်လည် မြင့်တက်လာပေမယ့် နှန်းဖြူရိုးရိုးက ဈေးကျသွားပြီး  ကျန်နှမ်းမျိုးစုံက ဈေးတန်ငြိမ်နေတယ်ကြောင်း ကုန်သည်အချို့ကပြောသည်။ မန္တလေးမြို့ ကုန်စည်ဈေးကွက်တွင် အက်စစ်အောင်ပြီးအရည်အသွေးကောင်းသည့် စမုံနှမ်းနက် အသန့် သုံးတင်းတစ်အိတ်လျှင် ၃၄၀၀၀၀ ကျပ်အထိ အရောင်းအဝယ်ပြန်ဖြစ်လာပေမယ့် နှမ်းဖြူရိုးရိုးသည် သုံးတင်း တစ်အိတ်လျှင် ၃၆၀၀၀၀ ကျပ်ဈေးရှိနေရာမှ ၃၄၀၀၀၀ ကျပ်သို့ဈေးပြန်ကျသွားခြင်းဖြစ်သည်။ 

နိုဝင်ဘာလ ၅ ရက်နေ့တွင်  နှမ်းနက် သုံးတင်းတစ်အိတ်လျှင် ၃၂၅၀၀၀ ကျပ်သို့ ဈေးကျဆင်းခဲ့ပြီး နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ၁၅၀၀၀ ကျပ်ထပ်မြင့်တက်လာကာ ၃၄၀၀၀၀ ကျပ်အထိဈေးပြန်လည်မြင့်တက်လာခြင်းဖြစ်ကြောင်း နှမ်းဖြူရိုးရိုးကမူ ၄၅ ပိဿာသုံးတင်တစ်အိတ်ကို ၂၀၀၀၀ ကျပ်ပြန်ကျသွားခြင်းဖြစ်ဟု သိရသည်။ နှမ်းဈေးကွက် အတက်အကျ တည်ငြိမ်မှုမရှိသော်လည်း ဈေးကွက်တွင်မူ အရောင်းအဝယ်ကောင်း နေကြောင်းသိရသည်။ 

"နှမ်းက ၂ ရက်ရှိပြီဈေးတက်လာတယ်၊ အရင်ကထက်ပေါ့၊ နှမ်းနက်စမုံ ၃၂၅၀၀၀ တန်နှမ်းက ၃၄၀၀၀၀ ဖြစ်သွားတယ် အက်ဆစ်ဝမ်းလို့ခေါ်တဲ့ရှယ်ထိပ်စပေါ့၊ ရုပ်ထွက်ကောင်းရမယ်၊အနံ့အသက်ကောင်းရမယ်၊အက်ဆစ် ၃ ရှိတာတွေက ၂၇၀၀၀၀ ၂၈၀၀၀၀ တွေက ၃ သိန်းတပတ်လည်လောက်ဖြစ်သွားတယ်။ အက်ဆစ်တူး အလတ်စလို့ခေါ်တာက ၃၂၅၀၀၀ အဲ့ကောင်ကလည်းအရင်က ၃၁၀၀၀၀ လောက်ရှိတယ်၊ နှမ်းညိုက ၂၇၀၀၀၀ ၂၇၅၀၀၀ နှမ်းနီတွေက၂၉၀၀၀၀ ၃၀၀၀၀၀ ပစ္စည်းအစစ်အမှန်ကောင်းရမယ်ပေါ့ စမုံနှမ်းနက်ကတက်လာတယ် ကျန်တာတွေက အဝယ်သွက်တယ်" ဟု မန္တလေးမြို့ ဝင်းဝင်းပွဲရုံမှ ကိုရဲမိုးက နိုဝင်ဘာလ ၁၁ ရက်််နေ့ဈေးကွက်ကို ပြောပြပါတယ်။ 

မန္တလေးမြို့ ကုန်စည်ဒိုင်ဈေးကွက်တွင်မူ စမုံ နှမ်းနက် သုံးတင်းတစ်အိတ်လျှင် ၃၃၈၀၀၀ ကျပ်၊ နှမ်းညို သုံးတင်း တစ်အိတ်လျှင် ၂၇၅၀၀၀ ကျပ်၊ နှမ်းဖြူဂျပန်က ၃၆၀၀၀၀ ကျပ်၊ နှမ်းဖြူရိုးရိုးက ၃၄၀၀၀၀ ကျပ် ဈေးဖွင့်ထားကြောင်း  နိုဝင်ဘာလ ၁၁ ရက်နေ့ဈေးကွက် ထုတ်ပြန်မှုအရသိရသည်။ ယခုလထဲတွင် စတင်ရိတ်သိမ်းကြတော့မည့် အညာဒေသထွက်နှမ်းများကို တရုတ်နိုင်ငံမှကြိုက်သည့်အတွက် တရုတ်နိုင်ငံ ဝယ်လက်များသည်  မိုးနှမ်းအသစ်များကို ကြိုတင်ပြီးဝယ်ယူရန်ကမ်းလှမ်းမှုများရှိနေသောကြောင့်နှမ်း ဈေးကွက်ပြန်လည်မြင့် တက်လာခြင်းဖြစ်ဟုသိရသည်။ 

"တရုတ်နိုင်ငံက အက်ဆစ်အောင်တဲ့နှမ်းကိုပဲဝယ်တာ၊ နှမ်းကတော့ အခုဈေးထက်လည်း သိပ်ပြီးတော့ မကျနိုင်ပါဘူး။ တရုတ်နိုင်ငံကအက်ဆောင်တာကြိုက်တယ်လေ၊ အခုမိုးနှမ်းအကုန်လုံးက အက်ဆစ်အောင်တယ် "ဟု အောင်လံကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးအောင်မိုးမှပြောသည်။ အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်သည် အောက်တိုဘာလအကုန်တွင် ဖြစ်ပေါ်ခဲ့သည့် ဈေးနူန်းများအတိုင်း အတက်အကျမရှိ ဈေးငြိမ်နေသည်။ အက်ဆစ်အောင်သည့်  နှမ်းနက် သုံးတင်းတစ်အိတ်လျှင် ၂၉၀၀၀၀ မှ ၃၁၀၀၀၀ ကျပ်သာရှိပြီး အက်ဆစ်မအောင်သည့် နှမ်းနက် သုံးတင်းတစ်အိတ်လျှင် ၂၇၀၀၀၀ ကျပ်သာရှိကြောင်း၊ နှမ်းဖြူ သုံးတင်းတစ်အိတ်လျှင် ၃၁၀၀၀၀ ကျပ်၊ နှမ်းနီက ၂၈၀၀၀၀ ကျပ်သာရှိကြောင်း နိုဝင်ဘာလ ၁၁ ရက်နေ့ အောင်လံကုန်စည်ဒိုင် ဈေးကွက်အရ သိရသည်။ 

တရုတ်နိုင်ငံက နှမ်းကိုဝယ်ယူရာတွင် အက်စစ်အောင်သည့်  နှမ်းများကိုသာ  ဝယ်ယူမှုရှိကြောင်း၊ လက်ရှိတွင် တရုတ်နိုင်ငံကို နယ်စပ်ဂိတ်များမှတဆင့်ကုန်သွယ်မှုပြုလုပ်၍မရသဖြင့် နှမ်းတင်ပို့မှုရပ်နေသော်လည်း တရုတ်ဝယ်လက်များက မိုးနှမ်းကို ဝယ်လိုအားများသည့်အတွက် နှမ်းဈေးကွက် ပြန်လည်ကျဆင်းနိုင်သည့် အလားအလာ မရှိနိုင်ကြောင်း ကုန်သည်များမှသုံးသပ်ထားသည်။ နှမ်းသီးနှံကို အပူပိုင်းဒေသများဖြစ်သည့်  မကွေး၊ စစ်ကိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုးကြကြောင်း နှမ်းစိုက်ဧကသည် တစ်နိုင်ငံလုံးတွင်  ၂၅ သန်းကျော် စိုက်ပျိုးမှုရှိကြောင်းသိရသည်။ 

Source: Awba

Category: Local News