Local News

မအူပင်မြို့နယ်တွင် နေကြာမျိုးစေ့များ အ‌ရောင်းအဝယ်ကောင်းနေ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ်တွင် နေကြာမျိုးစေ့များ အရောင်းအဝယ်ကောင်းနေကြောင်း မအူပင်မြို့နယ် လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်တင်တင်ညိုထံမှ သိရသည်။

မအူပင်မြို့နယ်တွင် ဒီဇင်ဘာလ ပထမပတ်မှစတင်ပြီး ယနေ့(ဒီဇင်ဘာလ ၁၄) ရက်နေ့ထိ နေကြာမျိုးစေ့များ ဝယ်ယူမှုအားကောင်းပြီး အရောင်းအဝယ်ကောင်းနေကြောင်း၊ အဆိုပါနေကြာမျိုးစေ့များကို ပန်းတနော်မြို့နယ်၊ ညောင်တုန်းမြို့နယ်၊ ကျိုက်လတ်မြို့နယ်၊ ဘိုကလေးမြို့နယ် စသည့်မြို့နယ်များက အများဆုံးလာရောက်ဝယ်ယူနေကြောင်း သိရသည်။

“တောင်သူတွေအနေနဲ့ နေကြာကို စိုက်ပျိုးဖို့ စိတ်ဝင်စားလာကြလို့ပါ။ လက်ရှိ နေကြာမျိုးစေ့တွေအ‌ရောင်းအဝယ်ကောင်းနေပါတယ်။ အခုမှ စမ်းသပ်စိုက်ပျိုးတဲ့ သူတွေလဲရှိသလို အခုနှစ်မှာတိုးချဲ့စိုက်ပျိုးလာတဲ့ သူတွေလဲရှိပါတယ်။ ဒေသမှာ အခုလိုနေကြာတွေ တိုးချဲ့စိုက်ပျိုးလာတာကြောင့် စားသုံးဆီသန့်သန့် စားသုံးလာရတယ်။ တောင်သူတွေ ဈေးကောင်းကောင်းရရှိလာမယ်။ ကုန်သည်တွေ အ‌ရောင်းအဝယ်ကောင်းလာတယ်။ နောက်ဆုံး ဆီကြိတ်ခွဲရောင်းချသူတွေထိပါ တွက်ခြေကိုက်လာတယ်” ဟု မအူပင်မြို့နယ် လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်တင်တင်ညိုက ပြောပြသည်။

မအူပင်မြို့နယ်တွင် နေကြာမျိုးစေ့ တစ်တင်းလျှင် ဒေသပေါက်ဈေး ငွေကျပ် ၅၀၀၀၀ ထိ ဈေးပေါက်နေကြောင်း၊ အဆိုပါနေကြာမျိုးစေ့များ အ‌ရောင်းအဝယ်ကောင်းလာခြင်းကြောင့် ယခုနှစ်ဆောင်းသီးနှံ စိုက်ပျိုးရာသီ၌ နေကြာစိုက်ပျိုးသည့် တောင်သူများ များပြားလာကြောင်း မအူပင်မြို့နယ် လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်တင်တင်ညိုက ပြောပြ၍ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News