Local News

ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဒီဇင်ဘာလတွင် ငါးမြစ်ချင်းပိဿာချိန် ၇၀၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် ငါးမြစ်ချင်းပိဿာချိန် ၇၀၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း ဘိုကလေးမြို့နယ် ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်သူဇာက ပြောပြ၍ သိရသည်။ ဘိုကလေးမြို့နယ်မှ ရေထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေးပွဲရုံပိုင်ရှင်များသည် ဒေသထွက် ရေထွက်ကုန်ပစ္စည်းများကိုဝယ်ယူပြီး စနစ်တကျသန့်စင်ထုပ်ပိုးကာ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ၂၀၂၃ ခုနှစ် နိုဝင်ဘာလက ငါးမြစ်ချင်း ပိဿာချိန် ၅၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဒီဇင်ဘာလတွင် ငါးမြစ်ချင်းပိဿာချိန် ၇၀၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း သိရသည်။

“ဘိုကလေးမြို့နယ်ကနေ ငါးမြစ်ချင်းတွေအပါအဝင် ရေထွက်ကုန်တွေ ရန်ကုန်ဈေးကွက်ကိုပဲ အဓိကတင်ပို့ရောင်းချပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းကလဲ ရန်ကုန်ဈေးကွက်က ငါးမြစ်ချင်းတွေ ဝယ်လိုအားကောင်းမွန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက ငါးမြစ်ချင်းပိဿာချိန် ၇၀၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ ရေထွက်ကုန်တွေ အများအပြား တင်ပို့ရောင်းချခဲ့ရတာကြောင့် ရေထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေးပွဲရုံပိုင်ရှင်တွေနဲ့ ကုန်သည်တွေ အလုပ်အကို အခွင့်အလမ်းတွေ ကောင်းလာပါတယ်” ဟု ဘိုကလေးမြို့နယ် ရေထွက်ကုန်ပစ္စည်းရောင်းဝယ်‌ရေး ပွဲရုံပိုင်ရှင် ဒေါ်သူဇာက ပြောပြသည်။

ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချနေသည့် ငါးမြစ်ချင်းပိဿာချိန် ၁၀၀ လျှင်ငွေကျပ် ၈၅၀၀၀ ထိဈေးပေါက်နေကြောင်း၊ အဆိုပါဒေသမှ ရန်ကုန်ဈေးကွက်သို့ ငါးမြစ်ချင်းများကို နှစ်ရက်လျှင် တစ်ကြိမ်စနစ်ဖြင့် တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News