International News

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အကြီးဆုံး “ဆိုလာ ငါးမွေးမြူရေးလုပ်ငန်း” က သီးနှံကြိတ်ခွဲစက်နှင့် အမျိုးသားဓာတ်အားလိုင်းကို လျှပ်စစ်ဓာတ်အား ပံ့ပိုးပေးလျက်ရှိ

Last Updated:

         နေရောင်ခြည်များက ထောင်ပေါင်းများစွာသော ရေပေါ်ဆိုလာပြားများပေါ်သို့ ကျရောက်လာချိန်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒေသခံစက်ရုံနှင့် အမျိုးသားလျှပ်စစ်ဓာတ်အားပေးကွန်ရက်က ငါးမွေးမြူရေးရေကာတာမှ ထုတ်လုပ်သော လျှပ်စစ်ဓာတ်အားကို အသုံးပြုလျက်ရှိကြောင်း သိရသည်။

          အစားအစာနှင့် လျှပ်စစ်စွမ်းအင်ထုတ်လုပ်မှု ပေါင်းစပ်ထားသော အကောင်းဆုံးဥပမာတစ်ခုဖြစ်သည့် Joules Nawab ရေပေါ်စွမ်းအင်စက်ရုံစီမံကိန်းတွင် လူကဖန်တီးပြုလုပ်ထားသောဧရိယာ စတုရန်းမီတာ ၂၂,၀၀၀ ရှိ ရေကန်အတွင်း ရေပေါ်ပလက်ဖောင်းများပေါ်၌ ဆိုလာပြား အမြောက်အမြားကို တပ်ဆင်ထားခြင်းဖြစ်သည်။ ရေပေါ်ဆိုလာပြားများကို အသုံးပြု၍ သန့်စင်သောလျှပ်စစ်ဓာတ်အားထုတ်လုပ်မှုသည် ယခင်က ငါးမွေးမြူရေးလုပ်ငန်းတစ်ခုတည်းအတွက်သာ အသုံးပြုခဲ့ခြင်းဖြစ်သည်။ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကြောင့် ငါးမွေးမြူရေးလုပ်ငန်းကို ထိခိုက်ခြင်းမရှိသလို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များနှင့် ကိုက်ညီမှုရှိစေရေး၊ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေး ကြိုးပမ်းအားထုတ်မှုများအား ပံ့ပိုးကူညီပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

       ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဆိုလာစွမ်းအင်ထုတ်လုပ်မှု တိုးချဲ့ရေး အဓိကဆောင်ရွက်မှုဖြစ်သော ပထမဆုံး စီးပွားရေးလုပ်ငန်းသုံး ရေပေါ်ဆိုလာစွမ်းအင်စက်ရုံသည် မြို့တော် ဒါကာမှ အနောက်မြောက်ဘက် ၃၀၂ ကီလိုမီတာခန့်အကွာ Chapainawabganj ခရိုင်၌ တည်ရှိပြီး မကြာသေးမီက အမျိုးသားဓာတ်အားလိုင်းနှင့် ချိတ်ဆက်ခဲ့သည်။ အဆိုပါ စီမံကိန်းသည် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၂.၃၀ ထုတ်လုပ်နိုင်စွမ်းရှိပြီး ရင်းနှီးမြှုပ်နှံမှုအနေဖြင့် အမေရိကန်ဒေါ်လာ ၁.၅ သန်းခန့်လိုအပ်ကြောင်း၊ ယင်းစီမံကိန်းတွင် တရုတ်နှင့် ဂျာမနီ ကုမ္ပဏီများမှ ရေပေါ်ဖော့ပြားများ၊ ဆိုလာပြားများနှင့် အင်ဗာတာများ အသုံးပြုထားကြောင်း သိရသည်။ 

Source: https://xinhuamyanmar.com

Category: International News