Local News

ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇူလိုင်လတွင် ပုစွန်မျိုးစုံ ပိဿာချိန် ၄၄၀၀၀ တင်ပို့ခဲ့ရ

Last Updated:

     ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇူလိုင်လတွင် ရေထွက်ကုန်ပုစွန်မျိုးစုံ ပိဿာချိန် ၄၄၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း ဖျာပုံမြို့နယ် ‌ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေးလုပ်ငန်းရှင် ဒေါ်သူသူအောင်က ပြောပြ၍ သိရသည်။ လပွတ္တာမြို့နယ်တွင် ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းရှင်များသည် ဒေသထွက်ပုစွန်မျိုးစုံကိုဝယ်ယူပြီး စနစ်တကျသန့်စင်ကာ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ပြီးခဲ့သည့် ဇွန်လအတွင်းက ပုစွန်မျိုးစုံ ပိဿာချိန် ၂၂၀၀၀ ထိသာ တင်ပို့ရောင်းချခဲ့ရပြီး ဇူလိုင်လ ၁ ရက်မှ ဇူလိုင်လ ၃၁ ရက်ထိ ပုစွန်မျိုးစုံ ပိဿာချိန် ၄၄၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း သိရသည်။

     “ဖျာပုံမြို့နယ်က ရေထွက်ကုန်တွေ ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချပေးနေပါ တယ်။ ပြီးခဲ့တဲ့တစ်လအတွင်း ပုစွန်မျိုးစုံ ပိဿာချိန်တော်တော်များများ တင်ပို့ရောင်းချနေရ ပါတယ်။ အခြားဒေသတွေကနေ ရန်ကုန်မြို့ကို ရေထွက်ကုန်တွေ အဝင်နည်းနေတာကြောင့် တင်ပို့အားတက်လာတာပါ။ ကုန်ချိန်များများ တင်ပို့ရောင်းချနေရတာကြောင့် ရေထွက်ကုန်ပစ္စည်းတွေတင်ပို့ရောင်းချတဲ့လုပ်ငန်းက ဆက်စပ်သူတွေအားလုံး အဆင်ပြေပါတယ်”ဟု ဒေါ်သူသူအောင်က ပြောပြသည်။

     ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သည့် ပုစွန်အမျိုးအစားဈေးနှုန်းများမှာ ပုစွန်ဘော့ချိတ် တစ်ပိဿာလျှင် ငွေကျပ် ၁၆၅၀၀ မှ ၁၈၅၀၀၊ ပုစွန်ဆိတ်သေး တစ်ပိဿာလျှင် ငွေကျပ် ၁၂၅၀၀ မှ ၁၃၅၀၀၊ ပုစွန်ဆိတ်ကြီး တစ်ပိဿာလျှင် ငွေကျပ် ၁၃၅၀၀ မှ ၁၄၅၀၀၊ ပုစွန်တုပ်ကြီး တစ်ပိဿာလျှင် ငွေကျပ် ၂၈၅၀၀ မှ ၃၂၅၀၀ စသည်ဖြင့် လတ်ဆတ်မှုအပေါ်မူတည်ပြီး ဈေးအနိမ့်အမြင့်ရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News