Local News

မြန်မာကြက်သွန်ကို တရုတ်ဝယ်လက်များ ပြန်လည်ဝယ်ယူမှုကြောင့် ရက်ပိုင်းအတွင်း နွေကြက်သွန် တစ်ပိဿာ ကျပ် ၂၄၀၀ စျေးရရှိ

Last Updated:

       မန္တလေးတိုင်းဒေသကြီး  မြင်းခြံမြို့နယ်တွင်  နွေကြက်သွန်စျေးသည်  တရုတ်ဝယ်လက်များ  ယခုရက်ပိုင်း  ပြန်လည်ဝယ်ယူနေမှုကြောင့်  ဗလုံကံဆင့်  ကြက်သွန်အစများ  တောစျေး  တစ်ပိဿာ ကျပ် ၂၄၀၀ မှ ၂၅၀၀ ခန့် စျေးပေါက်နေပြီး ကျန်ရွာအစများ တစ်ပိဿာကျပ် ၂၃၀၀ ခန့်စျေးရှိနေသည်ဟု မြင်းခြံမြို့နယ်၊ တောင်သာမြို့နယ်၊ မိထ္ထီလာမြို့နယ်များမှ ကြက်သွန်စိုက်တောင်သူများနှင့် ကုန်သည်များထံမှ သိရသည်။

     “အခုရက်ပိုင်းက တရုတ်နိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတို့က ပြန်ဝယ်နေတယ်။ အရင်က ကြက်သွန်စျေးက ကျပ်၂၀၀၀ အောက်ရှိတာ။ အခုသူတို့ ပြန်ဝယ်တော့ စျေးက ၂၀၀၀ အပေါ်ပြန်ရောက်လာတယ်။ အဓိကက တရုတ်နိုင်ငံက အဝယ်များတယ်။ မြဝတီလမ်းမကောင်းတော့ ဗီယက်နမ်ဝယ်လက် အဝယ်နည်းတယ်။ တရုတ်ဝယ်လက် အဓိကထားဝယ်နေတယ်။ သူတို့ဝယ်တဲ့စျေးက ၂၄၀၀ ကနေ ၂၆၀၀ ကြား စျေးပေါက်တယ်။ တောစျေးက ၂၄၀၀ ကျော် စျေးပေါက်နေတယ်။ တောင်သူတွေက ကြက်သွန်ကို ထိန်းရောင်းကြတယ်။ အခုမြစ်သားနယ်မှာက ကြက်သွန်ပျိုးထောင်နေကြပါပြီ။ အခုတောင်သူတွေ ဝယ်ချင်လို့တောင် မျိုးစေ့က မြစ်သားနယ်မှာ မရှိတော့ဘူး။ စျေးဆို တစ်ပြည်ကို တစ်သိန်းခွဲနဲ့ ှစ်သိန်းကြား စျေးပေါက်တယ်။ အရောင်းအဝယ် သိပ်မရှိကြဘူး။ စျေးက အပြောင်းအလဲရှိတယ်။ မနေ့ (သြဂုတ် ၁၄) ကထက် တစ်ပိဿာ ကျပ်၂၀၀ လောက် စျေးတက်တယ်။ တရုတ်ဝယ်လက်က ၂၆၀၀ ကျပ်စျေးနဲ့ ဝယ်နေတယ်။ တောစျေးက ၂၄၀၀ စျေးတောစျေးက ၂၅၀၀ မဖြစ်သေးဘူး။ တောစျေး ၂၅၀၀ က ထိပ်စကောင်းတဲ့အစဆိုရင် စျေးရပါမယ်။ အခုရက်ပိုင်းအတွင်း လေးရက်အတွင်း ကြက်သွန်စျေးတစ်ပိဿာ ကျပ် ၄၀၀ လောက် စျေးတက်တယ်လို့ ပြောလို့ရတယ်” ဟု မန္တလေးတိုင်းဒေသကြီး စားဖိုဆောင်သီးနှံစိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်းမှ နာယကဖြစ်သူဦးစိုးညွန့်က ပြောကြားသည်။

     မြန်မာနိုင်ငံတွင် ကြက်သွန်အဓိကထွက်ရှိရာ နယ်ဖြစ်သော မြစ်သားမြို့နယ်မှ ကြက်သွန်စိုက်တောင်သူများ၏ ကြက်သွန်မျိုးစေ့စျေးမှာ တစ်ပြည်လျှင် ကျပ်တစ်သိန်းခွဲမှ ကျပ်နှစ်သိန်းအထိရှိပြီး လက်ရှိတွင် တောင်သူများ ပျိုးထောင်စိုက်ပျိုးနေကြပြီဖြစ်ကြောင်း သိရသည်။

Source: https://news-eleven.com

Category: Local News