အိန္ဒိယနိုင်ငံအနေဖြင့် ၂၀၂၇ ခုနှစ် ဒီဇင်ဘာလအထိ ၄ နှစ်တာ ကာလအတွင်း ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှုမှ ပဲမျိုးစုံဖူလုံမှုရရှိအောင် ဆောင်ရွက်သွားမည်ဟု ပြည်ထဲရေးဝန်ကြီးဌာနနှင့် သမဝါယမဝန်ကြီးဌာနတို့၏ ဝန်ကြီးဖြစ်သူ Mr. Amit Shah က ပြောကြားခဲ့ပါသည်။ ပဲမျိုးစုံဖူလုံရေးကို အထောက်အကူပြုစေရန် ရည်ရွယ်လျက် အစိုးရ၏ ပဲစင်းငုံဝယ်ယူရေး အင်တာနက်စင်္ကြန်တစ်ရပ်အား လွှင့်တင်သည့် အခမ်းအနားကို ၄-၁-၂၀၂၄ နေ့တွင် ကျင်းပခဲ့ရာ ဝန်ကြီး Mr. Amit Shah က တက်ရောက်ဖွင့်လှစ်ခဲ့ပြီး ၎င်းစင်္ကြန်မှတစ်ဆင့် တောင်သူ ၂၅ ဦးမှ ပဲစင်းငုံများ ရောင်းချမှုအတွက် ရူပီးငွေ ၆၈ သိန်းကို အကျိုးအမြတ် တိုက်ရိုက်လွှဲပြောင်းမှု (Direct Benefit Transfer) စနစ်ဖြင့် လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
ဈေးနှုန်းခိုင်မာမှု မရှိခြင်းကြောင့် ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှုတွင် တောင်သူလယ်သမားများ၏ ပါဝင်လုပ်ကိုင်မှုမှာ နည်းပါးလျက်ရှိကြောင်း၊ လယ်သမားများအနေဖြင့် ယခုလွှင့်တင်သည့် စင်္ကြန်မှတစ်ဆင့် အစိုးရက အနိမ့်ဆုံးထားဈေးပေးဝယ်ယူမည့် အခြေခံရည်ညွှန်းဈေးနှုန်းဖြင့်ဖြစ်စေ ဈေးကွက်ဈေးနှုန်းအတိုင်းဖြစ်စေ များရာနှုန်းထားဖြင့် ၎င်းတို့၏ ထုတ်ကုန်များကို ရောင်းချမှုပြုနိုင်မည်ဖြစ်ကြောင်း၊ ပဲစင်းငုံ၏ ပြင်ပဈေးကွက် ပေါက်ဈေးသည် အစိုးရ၏ အခြေခံရည်ညွှန်း ဈေးနှုန်းထက် မြင့်မားပါက ပုံသေနည်းကျ တွက်ချက်ရရှိသော ပျမ်းမျှဈေးနှုန်းတစ်ရပ်ဖြင့် ပေးချေဝယ်ယူမည်ဖြစ်ကြောင်း၊ ယခုဆောင်ရွက်ချက်သည် ပဲမျိုးစုံ လုံလောက်စွာ ထုတ်လုပ်နိုင်ရေးကိုသာမက အစာအာဟာရဖူလုံရေးကိုပါ အထောက်အပံ့ပြုမည်ဖြစ်ကြောင်း၊ ထို့အပြင် ပဲမျိုးစုံသီးနှံများ၏ စိုက်ပျိုးရေသုံးစွဲရန် လိုအပ်ချက်နည်းပါးမှုအရ ရေကိုချွေတာနိုင်မည်ဖြစ်ပြီး နိုက်ထရိုဂျင် ဖြည့်ဆည်းပေးမှု ဖြစ်စဉ်အရ မြေဆီလွှာကိုလည်း တိုးတက်ကောင်းမွန်စေမည်ဖြစ်ကြောင်း၊ အစိုးရ အနေဖြင့် ၂၀၂၈ ခုနှစ်ဇန်နဝါရီလမှ စတင်၍ မည်သည့်ပဲအမျိုးအစားကိုမျှ တင်သွင်းရန် လိုအပ်မှုမရှိတော့သည့် အခြေအနေသို့ ရောက်ရှိရန် ရည်မှန်းချက်ထားရှိပြီး ကြိုးပမ်းဆောင်ရွက်မည်ဖြစ် ကြောင်းဖြင့် အဆိုပါအခမ်းအနား၌ ဝန်ကြီး Mr. Shah က ပြောဆိုခဲ့သည်။
အိန္ဒိယအစိုးရ၏ ဝယ်ယူရေးအေဂျင်စီများ ဖြစ်ကြသော အမျိုးသား လယ်ယာထွက်ကုန် သမဝါယမ ဈေးကွက်အသင်းချုပ် (NAFED) နှင့် အမျိုးသား စားသုံးသူများ သမဝါယမအသင်းချုပ် (NCCF) တို့သည် အဆိုပါဝယ်ယူရေးစင်္ကြန်၌ မှတ်ပုံတင်ထားသည့် လယ်သမားများထံမှ ပဲစင်းငုံ များကို အရန်ရိက္ခာ ထားရှိရန်အတွက် တိုက်ရိုက်ငွေပေးချေဝယ်ယူမည်ဖြစ်သည်။
ယခု ဝယ်ယူရေးစင်္ကြန် တည်ထောင်ခြင်းသည် သီးနှံမျိုးစုံ ဖြန့်ကျက်စိုက်ပျိုးမှုမှတစ်ဆင့် ပြည်တွင်း ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှုကို မြှင့်တင်နိုင်ရန်နှင့် ပြည်ပမှ တင်သွင်းနေရမှုအပေါ် အမှီပြုနေရခြင်းကို လျှော့ချနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အိန္ဒိယအစိုးရအနေဖြင့် မတ်ပဲ၊ ပဲနီလေးနှင့် ပြောင်းသီးနှံတို့အတွက်လည်း အလားတူ ဝယ်ယူရေးစင်္ကြန်များကို တည်ထောင်မည်ဖြစ်ကြောင်း၊ NCCF အေဂျင်စီနှင့် တွဲဖက် လုပ်ကိုင်လျက်ရှိသည့် Agribid လီမိတက်ကဲ့သို့သော ကုမ္ပဏီများသည် အခြားသော ကုန်စည်များ ဝယ်ယူရေးလုပ်ကိုင်မှုတွင် ကူညီပံ့ပိုးဆောင်ရွက်မည် ဖြစ်ကြောင်း သိရှိရသည်။
အိန္ဒိယနိုင်ငံ၏ ပဲစင်းငုံစိုက်ပျိုးထုတ်လုပ်မှုမှာ ၂၀၁၆-၁၇ ခုနှစ်၌ စံချိန်တင်ထွက်ရှိသည့် တန်ချိန် ၄.၈ သန်းနှင့် နှိုင်းယှဉ်ပါက စိုက်ဧကလျော့ကျမှုကြောင့် ၂၀၂၃-၂၄ ခုနှစ်တွင် တန်ချိန် ၃.၄ သန်းခန့်သာ ထွက်ရှိနိုင်ချိန်၌ ယခုကဲ့သို့ စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ ဆောင်ရွက်မှု၏ ရလဒ်အားဖြင့် လက်ရှိဘဏ္ဍာနှစ် ပဲမျိုးစုံတင်သွင်းမှုပမာဏအပေါ် ရှေ့လာမည့်ဘဏ္ဍာနှစ်တွင် ၃၅% ခန့် အထိ လျှော့ချတင်သွင်းနိုင်မည်ဟု အိန္ဒိယအစိုးရက ခန့်မှန်းလျက်ရှိသည်။
Source: Economic Times, 5 Jan 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
Source: https://www.doca.gov.mm