Local News

ကျိုက်လတ်မြို့နယ်မှ ဘိုကလေးမြို့နယ်သို့ ဒီဇင်ဘာလတွင် ငရုတ်သီးစိမ်းပိဿာချိန် ၇၇၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ကျိုက်လတ်မြို့နယ်မှ ဘိုကလေးမြို့နယ်သို့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် ငရုတ်သီးစိမ်းပိဿာချိန် ၇၇၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း ကျိုက်လတ်မြို့နယ်မှ ကုန်စိမ်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ယုယုက ပြောပြ၍ သိရသည်။ ကျိုက်လတ်မြို့နယ်မှ ဘိုကလေးမြို့နယ်သို့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလက ငရုတ်သီးစိမ်း ပိဿာချိန် ၆၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဒီဇင်ဘာလတွင် ငရုတ်သီးစိမ်းပိဿာချိန် ၇၇၀၀၀ ထိတင်ပို့ရောင်းချခဲ့ရကြောင်း၊ အဆိုပါဒေသမှ တင်ပို့ရောင်းချခဲ့သည့် ငရုတ်သီးစိမ်း ၁၀ ပိဿာလျှင် ငွေကျပ် ၅၅၀၀၀ ဈေးပေါက်နေကြောင်း သိရသည်။

“ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း ဘိုကလေးမြို့နယ်ဘက်ကို ငရုတ်သီးစိမ်းတစ်မျိုးတည်း ပိဿာချိန် ၇၇၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရတယ်။ ကျိုက်လတ်ဘက်ကနေဒေသလယ်ယာထွက်ကုန်တွေ အခြားမြို့တွေကို  ပုံမှန်တင်ပို့ရောင်းချနေပါတယ်။ အခြားဒေသတွေဘက်က ကုန်သည်တွေနဲ့ ချိတ်ဆက်တင်ပို့ထာ ဖြစ်ပါတယ်။ ဒီဘက်က တင်ပို့ရောင်းချတဲ့ ငရုတ်တွေက အရည်အသွေးပိုင်းကလဲ ပြောစရာမရှိပါဘူး” ဟု ကျိုက်လတ်မြို့နယ်မှ ကုန်စိမ်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ယုယုက ပြောပြသည်။

ကျိုက်လတ်မြို့နယ်မှ တောင်သူများသည် စပါးစိုက်ပျိုးရေးလုပ်ငန်းနှင့် ယှဉ်တွဲ၍ ငရုတ်စိုက်ပျိုးသည့်လုပ်ငန်းကို လုပ်ကိုင်လျက်ရှိပြီး တောင်သူတစ်ဦးလျှင် ငရုတ်တစ်ဧကမှ ငါးဧကထိ စိုက်ပျိုးကြပြီး ထွက်ရှိလာသည့် ငရုတ်သီးများလည်း အရည်အသွေးကောင်းမွန်ကြောင်း၊ လက်ရှိ ငရုတ်သီးစိမ်းများ တင်ပို့ရောင်းချအားတက်လာခြင်းကြောင့် လုပ်သားများ၊ ကုန်သည်များ၊ ပွဲရုံပိုင်ရှင်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိလာကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News