International News

ထိုင်းဆန် တန်ချိန် ၁ သန်း G2G ရောင်းချရန် ညှိနှိုင်း

Last Updated:

ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် အစိုးရချင်း government-to-government (G2G) သဘောတူညီချက်အရ အင်ဒိုနီးရှားသို့ ဆန်တန်ချိန် ၁ သန်း ရောင်းချရန်အတွက် ညှိနှိုင်း‌နေပြီး တရုတ်နိုင်ငံနှင့်လည်း အလားတူ ဆန်ရောင်းချရန် ညှိနှိုင်းမည့် အစီအစဉ်ကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။ ယမန်နှစ်က အင်ဒိုနီးရှားနိုင်ငံသည် ထိုင်းဆန် တန်ချိန် ၂ သန်း ဝယ်ယူမည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။ တန်ချိန် ၁ သန်းကို G2G သဘောတူညီချက်ဖြင့် ဝယ်ယူမည်ဖြစ်ပြီး ကျန် တန်ချိန် ၁ သန်းကို ပုဂ္ဂလိကကဏ္ဍမှ ရောင်းကြဝယ်ကြမည် ဖြစ်သည်။

ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Phumtham Wechayachai က အင်ဒိုနီးရှားနိုင်ငံသို့ ဆန်ရောင်းချရန် အမျိုးသား ဆန်စပါး မူဝါဒ ကော်မတီ National Rice Policy Committee ထံမှ အတည်ပြုချက် ရရှိထားကြောင်း ပြောကြားသည်။ “လူတွေက အမြင်ဟောင်းတွေ အစွဲဖြင့် ရှုမြင်ကြမှာကို ကျွန်တော်တို့ စိုးရိမ်ပါတယ်။  G2G  ပုံစံဟောင်းလို့ ရှုမြင်ကြမှာကို  ကျွန်တော်တို့  မလိုလားပါဘူး။ အစိုးရက ရှေ့မှဦးဆောင်ပေးပြီး ပုဂ္ဂလိကကဏ္ဍက နောက်မှာ လိုက်ပါတဲ့ သဘောမျိုးပါ" ဟု Mr Phumtham က ပြောကြားသည်။

“ဒီပါရာဒိုင်းအသစ်မှာ အရင်ကလို အစိုးရက ဆန်ဝယ်လက်တွေကို ချိုသာတဲ့ဈေးနှုန်းနဲ့ တိုက်ရိုက်ရောင်းချမှာ မဟုတ်ပါဘူး။ အဲဒါအစား G2G သဘောတူညီချက်များကို လက်ခံကျင့်သုံးဖြစ်တဲ့အခါမှာ ဆန်ပေးပို့ဖို့ကို အာမခံပေးတဲ့ အာမခံသူအဖြစ် လုပ်ဆောင်မှာ ဖြစ်ပါတယ်။ အစိုးရက ညှိနှိုင်းဆောင်ရွက်တာ‌တွေကို ကိုင်တွယ်မှာ ဖြစ်ပြီး ပုဂ္ဂလိက ကဏ္ဍက ပံ့ပိုးပေးမှာ ဖြစ်ပါတယ်" ဟု အင်ဒိုနီးရှားနိုင်ငံနှင့် ဆန်အရောင်းအဝယ်အပြင် တရုတ်ပြည်တွင် လယ်ယာထွက်ကုန် ထုတ်လုပ်မှုနှင့် တင်သွင်းမှုတို့ကို လုပ်ကိုင်သည့်  တရုတ်အစိုးရပိုင်အဖွဲ့အစည်းဖြစ်သည့် Cofco Corporation နှင့် ထပ်တိုးတန်ချိန် ၂၈၀,၀၀၀  G2G ဆန်တင်ပို့ရမည့် ကာလ တိုးမြှင့်ရန်ကိစ္စအတွက် လာမည့်သီတင်းပတ်တွင် သိရမည့် ရလဒ်ကို ဝန်ကြီးဌာနက စောင့်ဆိုင်းနေကြောင်း ၎င်းက ပြောကြားသည်။

ဇန်နဝါရီ ၁၇ ရက်မှ ၂၂ ရက်အထိ လော့စ်အိန်ဂျလိစ်မြို့သို့ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ သွားရောက်ပြီး  အမေရိကန်တွင် ဆန်ဈေးကွက်ချဲ့ထွင်ရန် ညှိနှိုင်းရန် စီစဉ်ထားသည်။ ဆော်ဒီအာရေးဗီးယား၊ အာဖရိကနှင့် အီရန်တို့အပါအဝင် အခြားဒေသများနှင့်လည်း ညှိနှိုင်းရန် အစီအစဉ်ရှိကြောင်း Mr Phumtham က ပြောကြားသည်။ အကောက်ခွန်ဦးစီးဌာန၏ အချက်အလက်များအရ ၂၀၂၄ ခုနှစ် ပထမ ၁၁ လအတွင်း ထိုင်းနိုင်ငံသည် ဆန်တန်ချိန် ၇.၉၅ သန်း ၊ဘတ် ၁၆၀ ဘီလီယံဖိုး (အမေရိကန်ဒေါ်လာ ၄.၆၁ ဘီလီယံဖိုး) တင်ပို့ခဲ့သည်။

ဆန်ဖြူ တန်ချိန် ၄.၄၇ သန်း၊ ပေါင်းဆန် တန်ချိန် ၁.၃၂ သန်း၊ ထိုင်း ဟွမ်မာလီဆန်မွှေး ၄၇၄,၈၀၆ တန်၊ ကောက်ညှင်းဆန် ၂၂၇,၀၁၂ တန် တင်ပို့ခဲ့သည်။ ထိုင်းဆန် အများဆုံးဝယ်ယူတင်သွင်းသည့် နိုင်ငံများမှာ- အင်ဒိုနီးရှား တန်ချိန် ၁.၂၇ သန်း၊ အာဖရိက ၈၇၆,၁၈၄ တန်၊ အီရတ် ၈၁၄,၈၀၅ တန်၊ အမေရိကန် ၆၄၈,၉၄၆ တန်၊ တရုတ် ၃၆၇,၂၉၄ တန်တို့ ဖြစ်ပါသည်။ ထိုင်းဆန်တင်ပို့သူများအသင်းက ယခုနှစ်အတွင်း ထိုင်းနိုင်ငံသို့ ဆန်တန်ချိန် ၇ ဒသမ ၅ သန်းတင်ပို့နိုင်မည်ဟု ခန့်မှန်းထားသည်။

အိန္ဒိယနိုင်ငံသည် ဆန်ပို့ကုန်တားမြစ်ချက်ကို ဒုတိယနှစ်ဝက်တွင် အဆုံးသတ်နိုင်သည်ဟု ခန့်မှန်းထားသည်။ ယမန်နှစ်က ထိုင်းဆန် စုစုပေါင်း တန်ချိန် ၈.၈-၈.၉ သန်း တင်ပို့ခဲ့သည်။ တန်ချိန် ၈.၅ သန်း တင်ပို့ရန် ရည်မှန်းထားသည်ထက် သာလွန်ခဲ့သည်။ ဆန်ပို့ကုန် ဝင်ငွေမှာ ဆန်ဈေးနှုန်းများ အမြင့်မှာရှိနေသဖြင့် ဘတ် ၁၈၀ ဘီလီယံ ရရှိကြောင်း အသင်းမှ ပြောကြားသည်။

Source: bangkokpost 

Source: https://www.foodindustrydirectory.com.mm

Category: International News