Local News

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလမှ ဇွန်လအထိ ထီးခီးကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုပမာဏ အများဆုံး ဆောင်ရွက်နိုင်ခဲ့

Last Updated:

     ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလမှ ဇွန်လထိ သုံးလတာကာလအတွင်း ထီးခီးကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုပမာဏ အများဆုံးဆောင်ရွက်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန သတင်းများအရ သိရသည်။ မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်ရေးဇုန်များဖွင့်လှစ်၍ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၃-၂၀၂၄ လဏ္ဍာနှစ် ဧပြီလမှ ဇွန်လထိ သုံးလတာကာလအတွင်း နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများမှ ကုန်သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပို့ကုန်အမေရိကန်ဒေါ်လာ ၁၇၈၃ ဒသမ ၅၆၇ သန်း၊ သွင်းကုန် အမေရိကန်‌ဒေါ်လာ ၉၇၀ ဒသမ ၉၆၉ သန်း စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်‌ဒေါ်လာ ၂၇၅၄ ဒသမ ၅၃၆ သန်းဖိုး ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

          ထိုသို့ဆောင်ရွက်ရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန သတင်းများအရ  မြန်မာ - ထိုင်း နယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်သည့်  ထီးခီးကုန်သွယ်ရေးစခန်းမှ  ပို့ကုန် အမေရိကန်ဒေါ်လာ ၁၀၃၃ ဒသမ ၉၇၈ သန်း သွင်းကုန်အမေရိကန်ဒေါ်လာ ၁၅၂ ဒသမ ၇၂၃ သန်း စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၁၈၆ ဒသမ ၇၀၁ သန်းဖြင့် ကုန်သွယ်မှုပမာဏအများဆုံး ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

        ထို့အတူ အဆိုပါကာလအတွင်း မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခုဖြစ် သည့် မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်မှ ပို့ကုန်အမေရိကန်ဒေါ်လာ ၄၄၁ ဒသမ ၁၀၇ သန်း၊ သွင်းကုန်အမေရိကန်ဒေါ်လာ ၂၁၆ ဒသမ ၈၆၉ သန်း စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၆၅၇ ဒသမ ၉၇၆ သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒုတိယအများဆုံး၊ မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်သည့် မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်မှလည်း ပို့ကုန် အမေရိကန်ဒေါ်လာ ၁၄၄ ဒသမ ၃၃၇ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၃၂၇ ဒသမ ၂၃၃ သန်း စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၄၇၁ ဒသမ ၅၅ သန်းဖြင့် ကုန်သွယ်မှုပမာဏ တတိယအများဆုံးဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

         ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလမှ ဇွန်လအထိ သုံးလတာကာလအတွင်း မြန်မာ-ထိုင်း နယ်စပ်ဒေသရှိ မယ်စဲ့နယ်စပ်ကုန်သွယ်‌ရေးစခန်း၊ မြန်မာ-လာအို နယ်စပ်ဒေသရှိ ကျိုင်းလပ် နယ်စပ်ကုန်သွယ်ရေးစခန်း၊ မြန်မာ-အိန္ဒိယ နယ်စပ်ဒေသရှိ ရိဒ်နယ်စပ်ကုန်သွယ်ရေးစခန်းတို့မှာ ကုန်သွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။ မြန်မာနိုင်ငံအနေဖြင့် မြန်မာ-တရုတ်၊ မြန်မာ-ထိုင်း၊ မြန်မာ-လာအို၊ မြန်မာ-အိန္ဒိယ၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသများတွင် နယ်စပ်ကုန်သွယ်ရေးစခန်းများဖွင့်လှစ်၍ ကုန်သွယ်မှုလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ယခင်က မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်မှ ကုန်သွယ်မှုပမာဏအများဆုံး ဆောင်ရွက်နိုင်ခဲ့သော်လည်း၊ ယခုအခါ မြန်မာ-ထိုင်း နယ်စပ် ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်သည့် ထီးခီးကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုပမာဏအများဆုံး ဆောင်ရွက်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန သတင်းများအရ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News