International News

ထိုင်းနိုင်ငံမှ စားသောက်ကုန်ပစ္စည်းကုန်ကြမ်း ဝယ်လိုအားမြင့်တက်နေ၍ မြဝတီကုန်သွယ်ရေး ဇုန်မှ လတ်တလောကာလများတွင် ပိုမိုတင်ပို့နိုင်ခဲ့

Last Updated:

     မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက် လျက်ရှိရာ ဇူလိုင်လ ၁၁ ရက်မှ ၁၄ ရက်အထိ ပို့ကုန်တင်ပို့မှုအနေဖြင့် ပြောင်း၊ ကြက်သွန်နီ၊ ရေထွက်ကုန်များဖြစ်သည့် ပုစွန်၊ ငါးခွေးလျှာ၊ ငါးကြင်းတို့အပြင် ဂေါ်ဖီထုပ်၊ ငရုတ်၊ မန်ကျည်း သီး(အစေ့ပါ)၊ ချင်းခြောက်နှင့် CMP ပစ္စည်းများဖြစ်သည့် အမျိုးသား/အမျိုးသမီး အဝတ် အထည်များ တင်ပို့နိုင်ခဲ့သည်။

      ယခုအခါ ထိုင်းနိုင်ငံမှ စားသောက်ကုန်လုပ်ငန်းများ တွင်ကျယ်စွာ ဆောင်ရွက်လာမှုနှင့် အတူ အသုံးပြုရန် လိုအပ်ချက်ကြောင့် စားသောက်ကုန်ပစ္စည်း ကုန်ကြမ်းဝယ်လိုအား မြင့်တက် နေ၍ လတ်တလောကာလများတွင် ပိုမိုတင်ပို့နိုင်ခဲ့သည်။ ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက် ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန်နီ၊ ဂေါ်ဖီထုပ်နှင့် ငရုတ်များကို လွယ်ကူ လျင်မြန်စွာ တင်ပို့နိုင်ရေးအတွက် လိုင်စင်ထုတ်ပေးခြင်း၊ ကုန်ပစ္စည်းစစ်ဆေးမှုများတွင် ဦးစားပေးဆောင်ရွက်ပေးလျက်ရှိသည်။

      သွင်းကုန်ပစ္စည်းများအနေဖြင့် တိရစ္ဆာန်အစာ၊ တိရစ္ဆာန်ဆေးဝါး၊ စက်ဘီး၊ အဝတ်အထည်၊ စာရေးကိရိယာ၊ ကားအပိုပစ္စည်း၊ ဆိုင်ကယ်အပိုပစ္စည်း၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ စားသောက်ကုန်၊ ဖိနပ်၊ သစ်သီး၊ ဓာတ်မြေဩဇာ၊ အိမ်သုံးပစ္စည်း၊ တိရစ္ဆာန်အရှင်၊ လူသုံးကုန်ပစ္စည်း၊ စက်ရုံသုံးပစ္စည်း၊ စက်နှင့် စက်ပစ္စည်း ကိရိယာများ၊ ဆေးဝါး၊ Packing Material၊ အိမ်သုတ်ဆေး၊ ကုန်ကြမ်းပစ္စည်း၊ ယန္တရားစက် ပစ္စည်းများ၊ ငါးဖမ်းပစ္စည်း၊ LPG (ဓာတ်ငွေ့ရည်)နှင့် အလှကုန်ပစ္စည်းတို့ တင်သွင်းခဲ့သည်။

      ငွေလဲနှုန်းအနေဖြင့် ယခင်အပတ်က တစ်ဘတ်လျှင် ၈၈ ဒသမ ၁၁ ကျပ်သာရှိပြီး ယခုအပတ်တွင် ၈၉ ဒသမ ၂၉ ကျပ်ဖြစ်သဖြင့် ဘတ်ဈေး အနည်းငယ်တက်ခဲ့ကြောင်းနှင့် ကုန်ပစ္စည်းများ တင်ပို့၊ တင်သွင်းခြင်းကို ရန်ကုန်-ဘားအံ-မြဝတီ ကုန်သွယ်မှုလမ်းကြောင်း အတိုင်း ပုံမှန်ဆောင်ရွက်လျက်ရှိသည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (ဧပြီလ ၁ ရက်မှ ဇူလိုင်လ ၁၄ ရက်အထိ) အမှန်ဆောင်ရွက် နိုင်မှုမှာ ပို့ကုန် အမေရိကန်ဒေါ်လာ ၁၆၅ ဒသမ ၀၃၈ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၃၆၅ ဒသမ ၆၀၅ သန်း၊ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၅၃၀ ဒသမ ၆၃၄ သန်းဖြစ်သည်။

Source: မြန်မာ့အလင်းသတင်းစာ

Category: International News