Local News

ကြက်သွန်ဖြူ တစ်ပိဿာ ၁၀၀၀၀ ကျော်အထိ စံချိန်တင် ဈေးမြင့်တက်

Last Updated:

     ပြည်တွင်း ကြက်သွန်ဖြူစျေးသည် တစ်ပိဿာကို  ၁၀၀၀၀ ကျပ် ကျော်အထိ  မြင့်တက်လာနေကြောင်း ကြက်သွန်ဖြူရောင်းဝယ်ရေးလုပ်ကိုင်သူများထံမှသိရသည်။ လက်ရှိတွင် တရုတ်နိုင်ငံဘက်မှ တင်သွင်းနေသည့် တရုတ်ကြက်သွန်ဖြူ ( ကြူကုတ်  ) သည် ပြည်တွင်းစျေးကွက်အတွင်း ဝင်ရောက်မှုနည်းနေသည့်အတွက် ကြူကုတ်စျေးလည်း မြင့်တက်လာသလို ပြည်တွင်းထွက်ကြက်သွန်ဖြူစျေးသည်လည်း ယခင်ကထက်ပိုပြီးမြင့်တက်လာနေခြင်းဖြစ်ဟု ကုန်သည်များမှသုံးသပ်ပြောဆိုသည်။ 

     "ကြူကုတ်က အဝင်နည်းလို့တက်တာ၊ ခုရက်ဆို  ၆၉၀၀ လောက် ဖြစ်တယ်။ တရုတ်က အဝင်နည်းနေလို့ပါ။ မှောင်ခိုလမ်းကြောင်းတွေဆိုတော့လေ တင်သွင်းရတာအခက်အခဲရှိနေတာပေါ့။ ရှမ်းတွေကနည်းနည်းပြန်ကျတဲ့သဘောရှိပေမယ့် အကြီးဆိုရင် ၈၃၀၀ ရှိနေသေးတယ်။ မနှစ်ကအများဆုံးစျေးကမှ ၅၀၀၀ တောင်မရှိဘူး။ အခုကတအားကိုမြင့်နေတာပေါ့။ တောင်ပေါ်ကလည်းအခုနှစ်အထွက်နည်းတဲ့သဘောရှိတယ်။ နဂိုကလည်းဒီလိုပဲ ဖြစ်တတ်တယ်ဆိုပေမယ် ဒီနှစ်ကတော့ တအားကိုတက်တာပေါ့။ မြင့်လွန်းတယ် မဖြစ်မနေစျေးကြီးဖြစ်နေတာပေါ့။ လက်လီကတော့ ချက်ခြင်းမကျဘူး၊ ၃ ရက်လောက်နေမှပဲ ချရောင်းကြတာ" ဟု ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ 

     လက်ရှိတွင် တရုတ်ကြက်သွန်ဖြူက ရန်ကုန်ကုန်စည်ဒိုင်ပေါက်စျေးအနေဖြင့် တစ်ပိဿာကို ၇၀၀၀ ဝန်းကျင်သာရှိသော်လည်း ပြင်ပလက်လီစျေးကွက်တွင် ၉၀၀၀ ကျပ်အထိရှိနေပြီး ရှမ်းပြည်ထွက်ကြက်သွန်ဖြူက ကုန်စည်ဒိုင်စျေးတွင် ၈၅၀၀ ဝန်းကျင်ရှိပြီး လက်လီစျေးကွက်၌ တစ်ပိဿာကို ၁၀၀၀၀ ကျပ်ကျော်အထိ စျေးနူန်းရှိနေကြောင်းသိရသည်။ တရုတ်နိုင်ငံဘက်မှ ကြက်သွန်ဖြူ ဝင်ရောက်မှုများလာပါက  ရှမ်းကြက်သွန်ဖြူစျေးနူန်း၊ ကြူကုတ်စျေးသည်  ပြန်လည်ကျဆင်းလာနိုင်ဖွယ်ရှိပေမယ့်  စျေးတန်းအနေဖြင့်လည်း ယခုထက်ပိုပြီး မြင့်တက်လာနိုင်ဖွယ်မရှိကြောင်း ကုန်သည်များမှ သုံးသပ်ပြောဆိုသည်။ 

     ကြက်သွန်ဖြူစျေး မြင့်တက်နေမှုနှင့်အတူလက်လီလက်ကား စျေးကွက်တွင်လည်း အရောင်းအဝယ်အေးနေကြောင်း ရောင်းချသူများထံမှသိရသည်။ "စျေးတက်တော့လည်း တက်စျေးရောင်းရတာထုံးစံပါပဲ။ စျေးတက်တော့ အရောင်းအဝယ်အေးတာပေါ့ အများကြီးတော့ မရောင်းရဘူးပေါ့။ အများကြီးဝယ်မယ့်သူကလျှော့ဝယ်မယ်၊ စျေးကျကိုစောင့်ပြီး ဝယ်မယ်ဆိုသူကများတာပေါ့။ ဒါပေမယ့်လည်း ဟင်းချက်ရင် ကြက်သွန်ဖြူက မပါလို့မှမရတာလေ၊ ဒီတော့ပါသင့်သလောက်တော့ ဝယ်နေရတဲ့သဘောပေါ့။ နေ့စဥ်အရောင်းကတော့ရှိနေပါတယ်" ဟု ပြည်မြို့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ နှင့်ကုန်မျိုးစုံ ရောင်းဝယ်ရေးလုပ်ကိုင်သူတစ်ဦးမှ ပြောသည်။ 

     ကြူကုတ်ကြက်သွန်ဖြူကို ပြည်တွင်းတွင်  လုပ်ငန်းသုံးအဖြစ် အသုံးပြုမှုများပြားပြီး ဗမာ ၊ရှမ်းကြက်သွန်ဖြူကိုတော့ မိသားစုအလိုက် စားသုံးသူပိုများကြောင်းသိရသည်။  ရန်ကုန်ဘုရင့် နောင်ကုန်စည်ဒိုင်ကိုမူ ကြက်သွန်ဖြူဝင်ရောက်မှုအနေဖြင့် တစ်ရက်ကို အိတ်ရေ ၂၀၀၀ ဝန်းကျင်ဝင်ရောက်မှုရှိကြောင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လအတွင်းက တရုတ်ကြက်သွန်ဖြူ တစ် ပိဿာကို လက်လီစျေးကွက်တွင် ၇၀၀၀ ကနေ ၈၀၀၀ စျေးရှိပြီး ရှမ်းကြက်သွန်ဖြူစျေးနှုန်းက ၈၀၀၀ ကနေ ၉၀၀၀ ဝန်းကျင်ရှိခဲ့ကြောင်းသိရသည်။ 

     ၂၀၂၂  ခုနှစ်အစပိုင်းတွင် ရှမ်းကြက်သွန်ဖြူနှင့် ကြူကုတ်ကြက်သွန်ဖြူ လက်ကားဈေးသည် ၁ ပိဿာကို  ၃၀၀၀ ကျပ် မှ ၃၆၀၀ ကျပ်အထိသာရှိခဲ့သော်လည်း ယင်းနောက်ပိုင်းမှစပြီး ကြက်သွန်ဖြူစျေးက ၅၀၀၀ ကျပ်မှ ၇၀၀၀ အထိ တဖြေးဖြေး မြင့်တက်လာခြင်းဖြစ်ကြောင်းသိရသည်။ ကြက်သွန်ဖြူကို ပြည်ပတင်ပို့မှုအနေဖြင့် တစ်နှစ်ကို တန်ချိန် ၃၀၀၀၀ ဝန်းကျင်တင်ပို့မှုရှိကြောင်း၊ အများဆုံးတင်ပို့မှုသည် တာချီလိတ်ကုန်သွယ်ရေးစခန်းမှတဆင့် တင်ပို့နေခြင်းဖြစ်ကြောင်းသိရသည်။ 

     ကြက်သွန်ဖြူကို ပြည်တွင်းစိုက်ပျိုးမှုအနေဖြင့်   ရှမ်းပြည်နယ်တွင် နှစ်စဉ်စိုက်ပျိုးဧက သောင်းနှင့်ချီ  စိုက်ပျိုးလေ့ရှိပြီး အဓိက အောင်ပန်း၊ တောင်ကြီးမြို့နယ်၊ ပင်လောင်းမြို့နယ်နှင့်  ဟိုပုံး့နယ်တို့တွင် အများဆုံးစိုက်ပျိုးကြပြီး ကျန်မြို့နယ်များတွင် အနည်းငယ်စိုက်ပျိုးမှုရှိကြောင်းသိရသည်။ ကြက်သွန်ဖြူကို နှစ်စဉ်အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် စတင်စိုက်ပျိုးလေ့ရှိပြီး  တစ်နှစ်လျှင်တစ်ကြိမ်သာ စိုက်ပျိုးသည့်သီးနှံဖြစ်ကြောင်း၊  ဖေဖေါ်ဝါရီလနှင့်  မတ်လတွင် သီးနှံစတင်ရိတ်သိမ်းရလေ့ရှိကြောင်း သိရသည်။ 

Source: Awba

Category: Local News