Local News

အကြိမ် (၂၀) မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲနှင့်အကြိမ် (၂၀) မြောက် စီးပွားရေးနှင့် ရင်းနှီးမြှပ်နှံမှုထိပ်သီး အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တက်ရောက်

Last Updated:

အကြိမ် ၂၀ မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲနှင့် အကြိမ်၂၀ မြောက် တရုတ် - အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့တွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦးနှင့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။

ဖွင့်ပွဲအခမ်းအနားသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာလီကျန်း၊ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်၊ လာအိုနိုင်ငံဝန်ကြီးချုပ်၊  မလေးရှားနိုင်ငံဝန်ကြီးချုပ်၊ ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ်၊ အင်ဒိုနီးရှားနိုင်ငံ ဒုတိယသမ္မတ၊  စင်ကာပူနိုင်ငံ ကုန်သွယ်မှုနှင့် စက်မှုဝန်ကြီးဌာနဝန်ကြီး၊  ဘရူနိုင်းနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနဝန်ကြီး၊ ဖိလစ်ပိုင်နိုင်ငံ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဝန်ကြီး ၊ တီမောလက်စ်တီနိုင်ငံ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအကြိမ်၂၀မြောက်တရုတ်-အာဆီယံကုန်စည်ပြပွဲနှင့်အကြိမ်၂၀မြောက်တရုတ် - အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီးအစည်းအဝေးတို့အား “ရပ်ဝန်းနှင့် ပိုးလမ်းမ အရည် အသွေးမြင့်စွာဖွံ့ဖြိုးလာစေရေးမြှင့််တင်ခြင်းနှင့် ကြီးထွားမှု ဗဟိုချက်အသစ်ကို ပြုစုပျိုးထောင်ပေးခြင်းတို့ဖြင့် အတူမျှဝေခံစားသည့် အနာဂတ်နှင့်ဟန်ချက်ညီမျှသည့် နေရာတစ်ခုဖြစ်လာ စေရေးအတွက် အတူတကွကြိုးပမ်းဆောင်ရွက်ကြပါစို့”ဟူသော ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်း ဖြစ်ပါသည်။ ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေနှင့် အရာရှိ ကြီးများလည်း ပါဝင်တက်ရောက်ခဲ့ကြပါသည်။

ဖွင့်ပွဲအခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာ ဟွမ်ကျွမ့်ဟွာနှင့်အတူ အကြိမ် (၂၀) မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲတွင် ခင်းကျင်းပြသလျက်ရှိသည့် မြန်မာလုပ်ငန်းရှင်များ၏ ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပါသည်။ ပြပွဲ၌  မြန်မာနိုင်ငံမှ ထုတ်လုပ်သည့် လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ကုန်ပစ္စည်းများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းထွက်ကုန်ပစ္စည်းများ၊ ကျောက်မျက်ရတနာနှင့် လက်ဝတ်လက်စားများကိုပါဝင်ခင်းကျင်း ပြသလျက်ရှိပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ မန္တလေးမြို့တော်ဝန်၊ မန္တလေးတိုင်းဒေသကြီးအစိုးရ စီးပွားရေးဝန်ကြီး၊ မြန်မာသံအမတ်ကြီးနှင့် ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာ ဟွမ်ကျွမ့်ဟွာတို့သည် မြန်မာအမျိုးသားပြခန်းဆောင်သို့ ဆက်လက်သွားရောက်၍ ပြခန်းဆောင်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ၊ ရိုးရာအကဖြင့် ဖျော်ဖြေတင်ဆက်မှုကို အားပေးကြည့်ရှုပါသည်။ ထို့နောက် မြန်မာပြခန်းဆောင်တွင် နှစ်လိုဖွယ်ရာမြို့အဖြစ်ရွေးချယ်ထားသော မန္တလေးမြို့ပတ်ဝန်းကျင်ဒေသ၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စက်မှုဇုန်၊ ခရီးသွားဇုန်၊ အိမ်ရာတည်ဆောက်ရေးစီမံကိန်းများအား အထူးပြုပြသထားမှုကို အားပေးကြည့်ရှုပါသည်။

ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲပိုင်းတွင် Liyuan Resort ၊ International Conference Center  တွင် ကျင်းပပြုလုပ်သည့်  အကြိမ် (၂၀) မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် ဆက်စပ်ကျင်းပသည့် အဓိကအစီအစဉ်ဖြစ်သော Institutional Opening-up for New Economic Growth အစည်းအဝေးသို့  တရုတ်ကွန်မြူနစ်ပါတီ ကွမ်ရှီးကော်မတီ အတွင်းရေးမှူး၊  ကွမ်ရှီးပြည်နယ်အုပ်ရေးမှူး၊ တရုတ်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အာဆီယံအထွေထွေ အတွင်းရေးမှူးချုပ်၊ စင်ကာပူကုန်သွယ်ရေးနှင့် စက်မှု ဝန်ကြီးဌာနဝန်ကြီးတို့နှင့်အတူ တက်ရောက်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၏ အကြီးအကဲများ၊  သုတေသီများနှင့် ပညာရှင်များ၊ စီးပွားရေးဦးဆောင်သူများက ဒေသတွင်းစီးပွားရေး အရှိန်အဟုန်သစ်ဖြင့် ဖွံ့ဖြိုးလာစေရန်ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများ၊  စီမံခန့်ခွဲမှုများ၊  စံချိန်စံညွှန်းများ၊ကူးသန်းရောင်းဝယ်ရေးကိစ္စများနှင့်စပ်လျဉ်း၍ ရင်းနှီးစွာဆွေးနွေး၍ အမြင်ချင်းဖလှယ်ခဲ့ကြ ပါသည်။ ထို့နောက်  တရုတ်-အာဆီယံ စံချိန်စံညွှန်းဗဟိုဌာနထူထောင်ဖွင့်လှစ်ခြင်း အစီအစဉ်ကို လည်း ကြေညာဆောင်ရွက်ခဲ့ပါသည်။

ထို့နောက် ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် လိယွမ်နိုင်ငံတော်ဧည့်ဂေဟာ၌ တရုတ်သတင်းဌာနများဖြစ်သည့် People’s Daily ၊ CGTN  ၊ China Media Group   ၊  China News Service   ၊  Guangxi Daily  ၊ Guangxi Radio and Television ၊  Nanning Daily နှင့် Nanning Radio and Television ရုပ်သံဌာနတို့အား လက်ခံတွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံစဉ်ပြည်ထောင်စုဝန်ကြီးက နှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ၊ တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှုနှင့် အနာဂတ်မျှော်မှန်းချက်များနှင့် ပတ်သက်၍ သတင်းမီဒီယာများ၏ မေးမြန်းချက်များကိုပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးသည် ယမန်နေ့ ညနေပိုင်းက တရုတ်နိုင်ငံတော်ဝန်ကြီးချုပ် မစ္စတာလီကျန်းက တည်ခင်းဧည့်ခံခဲ့သော တရုတ်-အာဆီယံ ကုန်စည်ပြပွဲအကြို ဂုဏ်ပြုညစာ စားပွဲသို့ အခြားအာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များနှင့်အတူ တက်ရောက်ခဲ့ ပါသည်။       

တရုတ် - အာဆီယံ ကုန်စည်ပြပွဲများနှင့် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီးအစည်းအဝေးများကို ၂၀၀၄ ခုနှစ်မှစ၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့တွင် နှစ်စဉ်ကျင်းပလာခဲ့သည်မှာ အကြိမ် ၂၀ မြောက်ပြီဖြစ်ကာ၊ တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အခွင့်အလမ်းကောင်း များ တိုးတက်ထွန်းကားလာလျက်ရှိကြောင်း သတင်းရရှိပါသည်။

Source: https://commerce.gov.mm

Category: Local News