Local News

ပင်းရှန်မြို့၌ တရုတ်-ဗီယက်နမ် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေပုံနှင့် တရုတ်-အာဆီယံ သစ်သီးဝလံ ရောင်းဝယ်ရေးစင်တာသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး သွားရောက်လေ့လာ

Last Updated:

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့၌ ရောက်ရှိနေသည့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ဦးဆောင်သည့်မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့တွင် တရုတ်-ဗီယက်နမ် နယ်စပ်ပင်းရှန်မြို့သို့ သွားရောက်၍ နယ်စပ်ကုန်သွယ်ရေးဆောင်ရွက်နေပုံ များနှင့် တရုတ်-အာဆီယံ သစ်သီးဝလံကုန်သွယ်ရေး ဆောင်ရွက်နေပုံများကို သွားရောက်လေ့လာခဲ့ကြပါသည်။

ပထမဦးစွာ ပင်းရှန်မြို့ရှိ ချစ်ကြည်ရေးဂိတ်သို့ သွားရောက်၍ နယ်စပ်ကုန်သွယ်မှုဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို လေ့လာခဲ့ကြပါသည်။ ၎င်းချစ်ကြည်ရေးဂိတ်မှာ ဟူနန် - ကွမ်ရှီး မီးရထားလမ်း၊ တရုတ်အမျိုးသား အဝေးပြေးလမ်းမကြီးများနှင့် ဗီယက်နမ်အဝေးပြေးလမ်းတို့နှင့် ဆက်သွယ်ထားသည့် အပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ်ဖြစ်ပါသည်။ ၎င်းဂိတ်မှာ တရုတ်နိုင်ငံတွင် နာမည်အကျော်ကြားဆုံးနယ်စပ်ဂိတ် ၉ ခုအနက် တစ်ခုဖြစ်ပါသည်။ 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့သည် ပင်းရှန်မြို့ရှိ ဖူကျိုက် ကုန်သွယ်ရေးဂိတ်သို့ သွားရောက်ကာ ကုန်စည်စစ်ဆေးရေးကိစ္စများ ဆောင်ရွက်နေပုံအား လေ့လာခဲ့ကြပါသည်။ ဖူကျိုက်ကုန်သွယ်ရေးဂိတ်မှာ ပင်းရှန်မြို့၏ အနောက်တောင်ဘက် ဗီယက်နမ်နိုင်ငံ၊ Tinh Lang Son ပြည်နယ်၊ Van Lang စီရင်စုနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ပင်းရှန်မြို့ရှိ တရုတ်-အာဆီယံ သစ်သီးဝလံကုန်သွယ်မှုစင်တာသို့ သွားရောက်၍ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှ   တင်သွင်းလာသည့်  သစ်သီးဝလံများအား  တရုတ်နိုင်ငံသို့  တင်သွင်းနေသည့်  လုပ်ငန်းဆောင်ရွက်နေမှုများကို  ဆက်လက်လေ့လာခဲ့ကြပါသည်။  ၎င်းစင်တာ၌အာဆီယံနိုင်ငံများမှ  တင်သွင်းလာသည့် သစ်သီးဝလံများအား တရုတ်နိုင်ငံမှ ကုန်သေတ္တာယာဉ်များအတွင်း လွှဲပြောင်းတင်ဆောင်ပြီးနောက်၊ တရုတ်နိုင်ငံ၏ မြို့ကြီးများသို့ ပြန်လည်ဖြန့်ချိခြင်း၊ တရုတ်နိုင်ငံမှ လယ်ယာစိုက်ပျိုးရေးနှင့် သစ်သီးဝလံများကို အာဆီယံနိုင်ငံများသို့ ပြန်လည်ဖြန့်ချိခြင်းများကို ဆောင်ရွက်လျက်ရှိပါသည်။ အထူးသဖြင့် အာဆီယံနိုင်ငံများမှ ပိန္နဲသီး၊ နဂါးမောက်သီး၊ ငှက်ပျောသီး၊ ဖရဲသီး၊ သခွားမွှေး၊ ဒူးရင်းသီး၊ မင်းဂွတ်သီးများကို တင်သွင်းကာ တရုတ်နိုင်ငံမှ ထွက်ရှိသည့် သစ်သီးဝလံများနှင့် ကောက်ပဲသီးနှံများကိုလည်း ပြန်လည်တင်ပို့လျက်ရှိပါသည်။

နေ့လည်ပိုင်း၌ ပြည်ထောင်စုဝန်ကြီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ပင်းရှန်မြို့ရှိ ရွှေကို (Shuikou) နယ်စပ်ကုန်သွယ်ရေးစခန်းသို့ သွားရောက်၍ လေ့လာခဲ့ပါသည်။ ရွှေကိုနယ်စပ် ကုန်သွယ်ရေးစခန်းမှာ ဗီယက်နမ်နှင့် ၁၈၄ ကီလိုမီတာရှည်လျားစွာ ထိတွေ့နေသည့် လောင်ကျိုး (Longzhou) စီရင်စု၌ တည်ရှိသောနိုင်ငံတော်အဆင့် စခန်းတစ်ခု ဖြစ်ပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့သည် နာဟွားပုဂ္ဂလိက နယ်စပ်ကုန်သွယ်ရေးဇုန်သို့  သွားရောက်လေ့လာခဲ့ကြပါသည်။

ပင်းရှန် (Pingxiang) မြို့မှာ ဗီယက်နမ်နိုင်ငံအပါအဝင် အာဆီယံနိုင်ငံများမှ သစ်သီးဝလံများကို ကုန်းလမ်းမှဖြတ်သန်းသယ်ဆောင်၍ တရုတ်နိုင်ငံအတွင်းသို့ တင်သွင်းနေသည့် အဓိက ဝင်ပေါက် တစ်ပေါက်ဖြစ်ရာ မြန်မာနိုင်ငံ၏ သစ်သီးဝလံကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများစွာရှိသောမြို့ဖြစ်ကြောင်း သတင်းရရှိပါသည်။

Source: https://commerce.gov.mm

Category: Local News