Local News

ပြည်ဈေးကွက်မှာ ပဲစင်းငုံသီးနှံနှစ်အလိုက်ဈေးနှုန်းနှိုင်းယှဉ်မှု

Last Updated:

အောက်တိုဘာလဆန်းပိုင်း ပြည်ပဲမျိုးစုံဈေးကွက်တွင် လက်လီ/လက်ကားပဲမျိုးစုံ ရောင်းဝယ်လျက်ရှိကြရာတွင် ပြည်ပဝယ်လက် အဓိကပဲများဖြစ်သည့် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ ပဲများမှာ မတ်ပဲနှင့် ပဲတီစိမ်းသီးနှံ နေ့စဉ်အရောင်းအဝယ်ဖြစ်သော်လည်း ပဲစင်းငုံသီးနှံအနေဖြင့် ပဲလက်ကျန် အဟောင်းအနည်းငယ်ရှိမှုအပေါ် နေ့စဉ်အရောင်းအဝယ်မဖြစ်ဘဲ ရက်ခြားသာ ရန်ကုန်ဝယ်လက် အဝယ်ရှိကြောင်း သိရပါသည်။ ဒါကြောင့် အရောင်းအဝယ်ဖြစ်သည့်ရက်၌ အိတ် ၂၀၀/၃၀၀ကျော် အရောင်းအဝယ်ဖြစ်ခဲ့ကြပါသည်။ ပဲစင်းငုံသီးနှံ၏ နှစ်အလိုက် ကာလတူအချိန် အရောင်းအဝယ် ဖြစ်ခဲ့သော ဈေးနှုန်းများကို အောက်ပါအတိုင်းတွေ့ရှိရပါသည်-

နှစ်အလိုက်ဈေးနှုန်းနှိုင်းယှဉ်မှု (တစ်တင်းဈေးနှုန်း)

          ခုနှစ်                                အနိမ့်                               အမြင့်

          ၂၀၂၀                               ၂၉၀၀၀ ကျပ်                     ၃၀၀၀၀ ကျပ်

          ၂၀၂၁                               ၄၅၀၀၀ ကျပ်                     ၄၇၀၀၀ ကျပ်

          ၂၀၂၂                                ၆၀၀၀၀ ကျပ်                     ၆၂၀၀၀ ကျပ်

          ၂၀၂၃                               ၉၃၀၀၀ ကျပ်                     ၉၅၀၀၀ ကျပ်

အထက်ဖော်ပြပါ ဈေးနှုန်းဇယားအရ ပဲစင်းငုံသီးနှံ၏ နှစ်အလိုက်ဈေးနှုန်းများကို လေ့လာကြည့်မည်ဆိုလျှင် ရှေ့(၃)နှစ်ခန့် ၂၀၂၀ ခုနှစ် ပဲဈေးကွက်၌ ဈေးအနိမ့်ဖြင့် မတ်ပဲ၊ ပဲတီစိမ်း သီးနှံများ ထက်လည်းဈေးလျော့သလို အခြားပဲများထက်လည်း ဈေးလျော့နည်းခဲ့တာကြောင့် တစ်တင်း ၂၉၀၀၀ ကျပ်၊ ၃၀၀၀၀ ကျပ် ခန့်သာရောင်းဝယ်မှုဖြစ်ခဲ့ပါသည်။ ၂၀၂၁ ခုနှစ်မှစ၍ ဈေးအနည်းငယ် မြင့်လာသော်လည်း မတ်ပဲသီးနှံဈေးကို မမှီဘဲ တစ်တင်း ၄၅၀၀၀ ကျပ် မှ ၄၇၀၀၀ ကျပ်ထိ ရောင်းဝယ်မှုဖြစ်ခဲ့ကာ ၂၀၂၂ ခုနှစ်မှာတော့ ပဲစဉ်းငုံသီးနှံဈေးမြင့်တက်မှုရှိလာသည့်အတွက်  တစ်တင်း ၆၀၀၀၀ ကျပ်မှ ၆၂၀၀၀ကျပ်ထိ ရရှိလာခဲ့ပါသည်။ ယခု ၂၀၂၃ ခုနှစ်တွင်တော့ ပဲဈေးကွက်မှာ ပဲသစ်ပေါ်စအချိန် ဇန်နဝါရီ၊ ဖေဖော်ဝါရီလကတည်းက ၆၉၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ပဲအဝင်လှိုင်ချိန်တွင်လည်းဈေးအမြင့်ဖြင့်သာ ဆက်လက်အရောင်းအဝယ်ဖြစ်ခဲ့ကြပါသည်။ သင်္ကြန်ပြီးကာလမှစ၍ ပဲဈေးနှုန်းများတရိပ်ရိပ်မြင့်တက်လာပြီး မေလအတွင်း ပဲစင်းငုံ တစ်တင်း ၈၅၀၀၀ ကျပ်ဖြင့် ရောင်းဝယ်နေရသလို ဇွန်လအတွင်းမှာတော့ ပြည်ပဝယ်လိုအားနှင့် ငွေဈေးအတက်အကျပေါ်မူတည်၍ ပဲစင်းငုံသီးနှံဟာ ဈေးကွက်အတွင်းစံချိန်တင်ဈေးအမြင့်ဖြင့် မတ်ပဲသီးနှံထက် ဈေးပိုကာ တစ်တင်း ၁၀၅၀၀၀ ကျပ်ထိရရှိလာခဲ့ပါသည်။ သို့သော်လည်း လက်ကျန်ပဲ အချို့သာရှိသည့်အတွက် အရောင်းအဝယ်ပမာဏကတော့ ရန်ကုန်ဝယ်လက်ပေါ်မူတည်၍ အိတ် ၂၀၀/၃၀၀ ရက်ခြားရောင်းဝယ်မှုဖြစ်ခဲ့ကြပါသည်။ ဇူလိုင်လဆန်းပိုင်းမှစ၍ ပဲဈေးပြန် လျော့သွားတာကြောင့် ပဲတစ်တင်း ၉၇၀၀၀ ကျပ်ဖြင့် ရောင်းဝယ်နေခဲ့ရာ ယခု အောက်တိုဘာလဆန်းမှာတော့ တစ်တင်း ၉၃၀၀၀ ကျပ်ဖြင့် လက်ကျန်လှောင်ပဲအချို့ အရောင်းအဝယ်ဖြစ်ခဲ့သည်ဟု သိရပါသည်။ ပဲစင်းငုံသီးနှံသည် ပြည်ခရိုင်အတွင်း မတ်ပဲသီးနှံကဲ့သို့ စိုက်ဧကမများဘဲ စိုက်ဧက တစ်သောင်းကျော်သာ စိုက်ပျိုးမှုရှိလို့ ပဲဈေးကွက်အတွင်း မတ်ပဲသီးနှံကဲ့သို့ ဝင်ရောက်မှုအနေဖြင့် ပဲအဝင်အထွက် သိပ်မများဘဲ ပဲထွက်ပေါ်ချိန်ကာလတွင်သာ ဈေးကွက်သို့ နေ့စဉ်အဝင်ရှိပြီး ကျန်ကာလများမှာတော့ လက်ကျန်လှောင်ပဲများဖြင့်သာ အရောင်းအဝယ်ဖြစ်ကြသည်ဟု သိရပါသည်။ ပြည်ခရိုင်အတွင်းရှိ(၄)မြို့နယ်၌ ပေါက်ခေါင်းနှင့် ပန်းတောင်းမြို့နယ်တွင် အဓိက စိုက်ပျိုးပြီး ကျန်မြို့နယ်များဖြစ်သော ရွှေတောင်နှင့် ပြည်မြို့နယ်တို့တွင် စိုက်ဧကထောင်ဂဏန်းအထိ စိုက်ပျိုးနိုင်ခြင်းမရှိဘဲ မတ်ပဲနှင့် ပဲတီစိမ်းကိုသာ စိုက်ပျိုးမှုပိုများကြောင်း သိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News