Local News

မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလအတွင်း ကွမ်းသီးအနုအလုံးရေ ၁၇၅၀၀၀၀ ထိ တင်ပို့ခဲ့ရ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလအတွင်း ကွမ်းသီးအနုအလုံးရေ ၁၇၅၀၀၀၀ ထိတင်ပို့ရောင်းချခဲ့ရကြောင်း မော်လမြိုင်ကျွန်းမြို့နယ် ကွမ်းသီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သူဇာက ပြောပြ၍ သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလအတွင်း ကွမ်းသီးအနုအလုံးရေ ၁၅၀၀၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး နိုဝင်ဘာလ ၁ ရက်မှ ၃၀ ရက်ထိ ကွမ်းသီးအနုအလုံးရေ ၁၇၅၀၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း၊ အဆိုပါကွမ်းသီးအနုများ တင်ပို့အားကောင်းလာခြင်းသည် ပြည်ပဈေးကွက်မှ ကွမ်းသီးအနုများ ဝယ်ယူအားကောင်းနေခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

“ရန်ကုန်ဈေးကွက်ကို ဒေသထွက်ကွမ်းသီးတွေ တင်ပို့ရောင်းချလျက်ရှိပါတယ်။ နိုဝင်ဘာလအတွင်း ကွမ်းသီးအလုံးရေ ၁၇၅၀၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ ပြည်ပဈေးကွက်က ကွမ်းသီးအနုတွေ ဝယ်ယူအားမြင့်တက်နေပါတယ်။ ရန်ကုန်ဈေးကွက်ကနေတစ်ဆင့် ပြည်ပဈေးကွက်ကို တင်ပို့ရောင်းချနေတာပါ။ တရုတ်နိုင်ငံက ကွမ်းသီးအနုကို အဓိကဝယ်ယူနေတာပါ။ လက်ရှိကွမ်းသီးအနုတွေ အရောင်းအဝယ်ဖြစ်နေတော့ ကွမ်းသီးစိုက်သူတွေလုပ်ငန်းအဆင်ပြေနေပါတယ်” ဟု မော်လမြိုင်ကျွန်းမြို့နယ် ကွမ်းသီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သူဇာက ပြောပြသည်။

မော်လမြိုင်ကျွန်းမြို့နယ်က ထွက်ရှိသည့် ကွမ်းသီးအနုများကို ကုန်သည်များက ကွမ်းသီးခြံများအရောက် သွားရောက်ဝယ်ယူပြီး စနစ်တကျရွေးချယ်ထုပ်ပိုးကာ ရန်ကုန်မြို့သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ရန်ကုန်မြို့မှတစ်ဆင့် ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ယခင်က ကွမ်းသီးအစိမ်း၊ အမှည့်ဈေးကွက် နှစ်မျိုးသာရှိပြီး ယခုအခါ ရင့်မှည့်ချိန်ထိစောင့်ရောင်းရန်မလိုဘဲ ကွမ်းသီးအနုများ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News