Local News

လပွတ္တာမြို့နယ်တွင် ဒေဿထွက်ငါးစည်ဖောင်းခြောက်များ ပြည်တွင်းဈေးကွက်၌ အရောင်းအဝယ်ကောင်းနေ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်တွင် ဒေသထွက်ငါးစည်ဖောင်းခြောက်များ ပြည်တွင်းဈေးကွက်တွင် အရောင်းအဝယ်ကောင်းနေကြောင်း လပွတ္တာမြို့နယ် ငါးခြောက်နှင့် ငါးစည်ဖောင်းခြောက်ရောင်းဝယ်ရေးလုပ်ငန်းရှင် ဒေါ်အေးသင်းက ပြောပြ၍ သိရသည်။

လပွတ္တာမြို့နယ်မှ ထွက်ရှိသောငါးစည်ဖောင်းခြောက်များကို ပြည်တွင်းစားသောက်ဆိုင်များနှင့် ဟိုတယ်များက ဒီဇင်ဘာလ ဒုတိယပတ်မှစ၍ ဝယ်ယူမှုကောင်းနေခြင်းကြောင့် အရောင်းသွက်နေခြင်းဖြစ်ကြောင်း၊ အဆိုပါ ငါးစည်ဖောင်းခြောက်များကို ပင်လယ်ငါးများဖြစ်သည့် ငါးရွှေ၊ ငါးရောင်၊ ငါးပုတ်သင် စသည့်ငါးများကို ဝမ်းဗိုက်ခွဲပြီး အတွင်းမှရရှိသည့် စည်ဖောင်းများကို စနစ်ကျသန့်စင်နေပူလှန်း အခြောက်ခံကာ ရရှိခြင်းဖြစ်ကြောင်း သိရသည်။

“အခုလပွတ္တာမြို့နယ်က ထွက်တဲ့ပင်လယ်ငါးစည်ဖောင်းခြောက်ဈေးကွက်က ဒီဇင်ဘာလ ဒုတိယပတ်အတွင်း ပြည်တွင်းဈေးကွက်မှာသိသိသာသာ ဝယ်ယူမှုကောင်းနေပါတယ်။ စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေမှာ စားသုံးသူများတော့ ဝယ်ယူမှုကောင်းပြီး အရောင်းအဝယ်အတော်ကို သွက်နေတာဖြစ်ပါတယ်။ ဒေသထွက်ငါးစည်ဖောင်းက အထွက်ကတော့ နည်းနေပါသေးတယ်။ ဒေသထွက် ငါးစည်ဖောင်းခြောက်တွေကို ပြည်တွင်းဈေးကွက် ရန်ကုန်သို့ အဓိကထားတင်ပို့ရောင်းချနေတာဖြစ်ပါတယ်” ဟု လပွတ္တာမြို့နယ် ငါးစည်ဖာင်းခြောက်ရောင်းဝယ်ရေး လုပ်ငန်းရှင် ဒေါ်အေးသင်းက ပြောပြသည်။

လပွတ္တာမြို့နယ်တွင် အရောင်းသွက်နေသည့် ငါးစည်ဖောင်းခြောက် တစ်ပိဿာဈေးနှုန်းသည် ငါးရွှေငါးစည်ဖောင်းခြောက် တစ်ပိဿာလျှင် ငွေကျပ် ၅၅၀၀၀၊ ငါးရောင်ငါးစည်ဖောင်းခြောက်တစ်ပိဿာလျှင် ငွေကျပ် ၃၂၅၀၀ မှ ၃၅၀၀၀၊ ငါးပုတ်သင်ငါးစည်ဖောင်းခြောက်တစ်ပိဿာလျှင် ငွေကျပ် ၇၅၀၀၀ ဈေးပေါက်နေကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News