Local News

မြန်မာအစိုးရအသိအမှတ်ပြု MYANMAR GDE CONSORTIUM တည်ထောင်ရန်အတွက် စိစစ်ရွေးချယ်ရေးကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကျင်းပ

Last Updated:

ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး မြန်မာအစိုးရအသိအမှတ်ပြု Myanmar GDE Consortium တည်ထောင်ရန်အတွက် စိစစ်ရွေးချယ်ရေး ကော်မတီ၏ ပထမအကြိမ်အစည်းအဝေးကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း ဦးဆောင်၍ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက အထူးစီးပွားရေးဇုန်များသည် မိမိတို့နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် သာမက ဒေသတွင်းနိုင်ငံများအတွက်ပါ အရေးပါကြောင်း၊ အလားတူ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးသည် မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအရေးကြီးသည်ကို အားလုံး နားလည်သဘောပေါက်ကြမည်ဟု ယုံကြည်ပါကြောင်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း အကောင်အထည်ဖော်‌ဆောင်ရွက်ရာတွင် ‌ဒေသခံတိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် မြန်မာနိုင်ငံမှ လုပ်ငန်းအတွေ့အကြုံများရှိပြီး အမှန်တကယ်လုပ်ကိုင်‌ ဆောင်ရွက်နိုင်မည့် တိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်များကိုပါ ဖိတ်ခေါ်၍ စီမံကိန်းကုမ္ပဏီဖြင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

Myanmar GDE Consortium ဖွဲ့စည်းရေးအတွက် စိတ်ဝင်စားမှုအဆိုပြုလွှာကို နိုင်ငံပိုင် သတင်းစာများဖြစ်သည့် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာများတွင် ထည့်သွင်းဖော်ပြခဲ့ကြောင်း၊ အစည်းအဝေးတက်ရောက်သူများမှ လျှောက်ထားလာသည့် မြန်မာကုမ္ပဏီများ၏ အဆိုပြု လျှောက်လွှာများ စိစစ်ရွေးချယ်ရေး လုပ်ငန်းစဉ်များကို စနစ်တကျ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများအလိုက် မူဝါဒလုပ်ထုံးလုပ်နည်းများအရ ဆောင်ရွက်သွားမည့် အစီအစဉ်များကို အသေးစိတ် ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး အစည်းအဝေးသို့ ဌာနဆိုင်ရာအသီးသီးမှ စိစစ် ရွေးချယ်ရေး ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Source: https://commerce.gov.mm

Category: Local News