Local News

ဆောင်းရာသီဓါတ်စာ ဆီးသီးနှင့် လေးပင်ကျေးရွာထွက် ဆီးသီးဈေးကွက်

Last Updated:

ဆီးပင်သည် မြန်မာနိုင်ငံအနှံ့အပြား၌ ပေါက်ရောက်ပြီး ဆီးသီးအများဆုံး သီးသည့်ရာသီမှာ ဆောင်းရာသီဖြစ်သည်။ မြန်မာနိုင်ငံအနှံ့အပြားတွင် ဆီးပင်များကို တွေ့မြင်နိုင်သည်။ အထူးသဖြင့် ခြောက်သွေ့သော   မန္တလေး၊ မကွေးနှင့် စစ်ကိုင်းနယ်ပယ်များတွင် ဆီးပင်များပေါများစွာ ပေါက်ရောက်သည်။ တစ်ချို့ဆီးပင်များသည် စိုက်ပျိုးခြင်း မဟုတ်ဘဲ အလေ့ကျပေါက်ရောက်လေ့ရှိပြီး အချို့ဥယာဉ်များတွင်မူ ဆီးပင်ကို စီးပွားဖြစ်စနစ်တကျ စိုက်ပျိုးထားကြသည်။

မြန်မာနိုင်ငံ၌ ဆီးပင်ကို အစေ့များမှမျိုးပွားယူကြသည်။ မြေထုပ်စည်းခြင်းဖြင့်လည်း မျိုးပွားယူနိုင်သည်။ အစေ့မှ မျိုးပွားလျှင် ခြောက်နှစ်၊ ခုနစ်နှစ်ကြာမှ အသီးသီးသည်။ သို့သော် မြေထုပ် စည်းခြင်းဖြင့် မျိုးပွားယူလျှင် ပထမနှစ် သို့မဟုတ် ဒုတိယနှစ်တွင် သီးသည်။ ဆီးပင်ကို စိုက်ပျိုးရာတွင် အတန်းလိုက် တစ်ပင်နှင့်တစ်ပင် ပေ (၂ဝ)စီခွာ၍ စိုက်ပျိုးသင့်သည်။ ဆီးသီး အမျိုးမျိုးရှိရာ များစွာသော ဆီးသီးတို့မှာချဉ်သောအရသာရှိသည်။ အချို့သည် ဆီးသီးမှည့်များကိုခူး၍ အခြောက်ခံကာ ဆီးယိုထိုးကြသည်။ အမှုန့်ပြုလုပ်၍လည်း ဆီးပေါင်း၊ ဆီးပြားများ ပြုလုပ်ကြသည်။  ပခုက္ကူမြို့မှ ထွက်ရှိသည့် ဆီးထုပ်၊ ဆီးပြားများသည် ဈေးကွက်၌ နာမည်ကြီးလှသည်။

ဆီးသီးတွင် ဗီတာမင်နှင့် သတ္တုဓါတ်၊ အမျှင်ဓါတ်စသည့် ဓါတ်များစွာပါဝင်သည်။ အစာခြေစနစ်ကို ကောင်းမွန်စေခြင်း၊ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို လျော့ကျစေခြင်း၊ ဦးနှောက်ကျန်းမာပြီး အားပြည့်စေခြင်း၊ စိတ်ဖိစီးမှုကို လျော့ချစေခြင်း၊ အမြင်အာရုံကို ကောင်းမွန်စေခြင်း အစရှိသဖြင့် ကောင်းကျိုးများစွာရရှိစေသည့်အပြင် ကျန်းမာရေးအတွက်လည်း အကျိုးပြုစေသဖြင့် ဆီးသီးကို စားသုံးပေးသင့်သည်။

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ လေးပင်ကျေးရွာမှ ဆီးသီးကို စီးပွားဖြစ် စိုက်ပျိုးလျက်ရှိကြသည်။ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ လေးပင်ကျေးရွာမှ ထွက်ရှိသည့် ဆီးသီးများသည် ဈေးကွက်တွင် ရောင်းအားကောင်းသည်။ လေးပင်ကျေးရွာ ထွက်ဆီးသီးသည် မန်းရွှေစက်တော် ဘုရားပွဲတော်ချိန်၌ ရောင်းအားကောင်းပြီး တစ်ပြည်ကို ငွေကျပ် (၅၀၀၀)အထိ ဈေးနှုန်းမြင့်တက်ကာ ရောင်းချနေရကြောင်း လေးပင်ကျေးရွာနေ ဆီးသီးရောင်းချသူများထံမှ သိရသည်။

ဆီးသီးရောင်းချရာတွင် ဆီးပန်းသီး၊ ဆီးသစ်တော်၊ ဆီးခွဲသီး အလုံးအကြီး အသေးအပေါ်မူတည်၍ ဈေးနှုန်းအမျိုးမျိုးရှိကာ တစ်ပြည်ကို ငွေကျပ်(၃၀၀၀) မှစတင်ကာ ကျပ်(၃၅၀၀)၊ ကျပ်(၄၀၀၀)၊ ကျပ် (၄၅၀၀)နှင့် ကျပ်(၅၀၀၀)အထိ ရောင်းချလျက်ရှိကြောင်း သိရသည်။ အချို့သည် လေးပင်ဆီးသီးများကို တဆင့်မှာယူ၍ Online ပေါ်မှ  Delivery ဖြင့်လည်းကောင်း၊ အချို့သည်   ဈေးထဲတွင်လည်း ပြည်ကောက် ဖြင့်လည်းကောင်း တစ်ပိုင်တစ်နိုင် စီးပွားဖြစ်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News