Local News

မွန်ပြည်နယ်မှထွက်ရှိသည့် ဆားများကို တောင်ကိုရီးယားနိုင်ငံသို့ တင်ပို့ရောင်းချက်လျက်ရှိ

Last Updated:

မွန်ပြည်နယ်၌ တစ်ဧက ဆား ၁၅ တန် ထွက်ရှိသည့် ဆားထုတ်လုပ်ဧက ၅၀၀၀ မှ တစ်နှစ်လျှင် ပျမ်းမျှဆားတန်ချိန် ၆၀၀၀၀ မှ ၇၀၀၀၀ အထိ ထွက်ရှိကာ ပြည်တွင်း၌သာမက ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း မွန်ပြည်နယ် ဆားလုပ်ငန်းရှင်များအသင်းမှ သိရသည်။

မွန်ပြည်နယ်တွင် ဆားလုပ်ငန်းရာသီသည် နှစ်စဉ်ဒီဇင်ဘာလမှစတင်ပြီး ဧပြီလတွင် မိုးရွာပါက ခေတ္တရပ်နားကားမိုးရွာသွန်းမှုမရှိပါက မေလကုန်ထိ လုပ်ကိုင်ဆောင်ရွက်ကြသည်။ ဆားများကို ပင်လယ်နှင့်ဆက်စပ်သည့် သံဖြူဇရပ်မြို့နယ်ရှိ ပငချောင်း၊ ကရုပ္ပိချောင်း၊ အံခဲချောင်း သုံးချောင်းတို့မှ ရေများကိုယူ၍ ဆားထုတ်လုပ်ကြသည်။ မွန်ပြည်နယ်မှထွက်ရှိသည့် ဆားများကို ပြည်တွင်းရှိ မွန်၊ ကရင်၊ တနင်္သာရီ၊ မန္တလေးဒေသများသို့ တင်ပို့ရောင်းချသည့်အပြင် ပိုလျှံသည့်ဆားများကို တောင်ကိုရီးယားနိုင်ငံသို့ ယခုလတွင် ဆားတန်ချိန် ၄၀ တင်ပို့ပြီး ယခုနှစ် ဆားထုတ်လုပ်ရာသီတွင် တန်ချိန် ၅၀၀၀ ကို တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ်တွင် ဆားလုပ်ငန်းရှင် ၉၂ ဦးက ဆားကွင်းဧက ၅၀၀၀ ဖြင့် ဆားထုတ်လုပ်လျက်ရှိပြီး ဆားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆားကြမ်းမှ အိုင်အိုဒင်းဆားချောထုတ်လုပ်မည့်ခေတ်မီစက်များဖြင့် တပ်ဆင်ထုတ်လုပ်နိုင်ရန်လည်း ဆောင်ရွက်လျက်ရှိကြောင်း မွန်ပြည်နယ်ဆားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဝင်းထိန်က ပြောသည်။ ယခုအခါ တောင်ကိုရီးယားနိုင်ငံ၌ မြန်မာ့ဆားများ ဈေးကောင်းရရှိပြီး ဈေးကွက်အနေအထားအရ ကြီးမားသောကြောင့် ဆားဈေးကွက်ကို ပြည်ပသို့ထိုးဖောက်နိုင်ပါက မြန်မာနိုင်ငံမှ ဆားလုပ်ငန်းရှင်များနှင့် ဆားထုတ်လုပ်တောင်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်း များစွာရရှိလာကာ ဝင်ငွေတိုးစေမည့်အပြင် နိုင်ငံခြားဝင်ငွေများလည်း ရရှိမည်ဖြစ်ကြောင်း သိရသည်။

Source: မြန်မာ့အလင်းသတင်းစာ

Category: Local News