International News

ဗီယက်နမ်၏ ကော်ဖီစေ့တင်ပို့မှု ဇန်နဝါရီလ၌ ၂ ဆ မြင့်တက်ခဲ့

Last Updated:

 ဗီယက်နမ်နိုင်ငံသည် ယခုနှစ် ဇန်နဝါရီလတွင် ပြည်ပသို့ ကော်ဖီတန်ချိန် ၂၃၀၀၀၀ တင်ပို့ ခဲ့ပြီး အမေရိကန်ဒေါ်လာ ၆၂၃ သန်းရရှိခဲ့ရာ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ပမာဏအားဖြင့် ၆၁.၆% နှင့် တန်ဖိုးအားဖြင့် ၁၀၀.၃% တိုးတက်ခဲ့ကြောင်း ဗီယက်နမ် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ဗီယက်နမ်ရာသီခွင် ကြောင်နှစ်၏ နှောင်းပိုင်းရက်များတွင် ဗဟိုကုန်းပြင်မြင့် (Central Highland) ပြည်နယ်များရှိ ကော်ဖီပျမ်းမျှစျေးနှုန်းသည် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဆက်လက်မြင့်တက်ခဲ့ကြောင်း၊ အချို့ဒေသများတွင် ကော်ဖီစေ့ တစ်ကီလိုဂရမ်လျှင် ဗီယက်နမ် ဒေါင်ငွေ ၇၈၂၀၀ မှ ၇၉၄၀၀ (ဒေါ်လာ ၃.၂ မှ ၃.၂၅) အကြား ဈေးနှုန်းများဖြင့် ဝယ်ယူလျက်ရှိကြောင်း၊ ဈေးနှုန်းမြင့်တက်လာမှုနှင့်အတူ ပြည်တွင်းကော်ဖီဈေးနှုန်းများသည် မကြာမီ၌ တစ်ကီလိုဂရမ်လျှင် ဗီယက်နမ် ဒေါင် ၈၀၀၀၀ ကျော်လွန်သွားဖွယ်ရှိကြောင်း သိရသည်။

ပြည်တွင်းကော်ဖီဈေးနှုန်းများ မြင့်တက်လာရခြင်းမှာ ကုန်သည်များအနေဖြင့် ဗီယက်နမ် နှစ်သစ်ကူး အားလပ်ရက်မတိုင်မီ ကော်ဖီဝယ်လိုအား မြင့်တက်လာခြင်းကြောင့်ဖြစ်ပြီး တင်ပို့သူ များအနေဖြင့် ယခင်နှစ်ကဲ့သို့ ရောင်းလိုအားပြတ်လပ်မည်ကို စိုးရိမ်သည့်အတွက် ၎င်းတို့အနေ ဖြင့် ပိုမိုဝယ်ယူရန် လိုလားကြကြောင်း၊ Dak Lak ပြည်နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ် ကော်ဖီသီးနှံ အထွက်ပမာဏမှာ တန်ချိန် ၅၈၀၀၀၀ ခန့်ရှိမည်ဟု ခန့်မှန်းတွက်ချက်ထားကြသည့်အတွက် ကော်ဖီတင်ပို့မှု ပမာဏမှာ တန်ချိန် ၃၃၀၀၀၀ ခန့်ရှိမည်ဟု မှန်းဆထားကြောင်း၊ အကယ်၍ ယခုအတိုင်း ဈေးနှုန်းများမြင့်တက်နေပြီး ရှေ့ဆက်လက်၍ ဈေးနှုန်းအတက်အကျ အနည်းငယ်ရှိပါက ယင်းပြည်နယ်၏ ကော်ဖီတင်ပို့မှုဝင်ငွေသည် ဒေါ်လာသန်း ၉၀၀ အထိ ရှိလာနိုင်ကြောင်း၊ တစ်ချိန်တည်းတွင် Lam Dong ပြည်နယ်၌ ကော်ဖီဟက်တာ ၁၇၅၇၀၀ ခန့် စိုက်ပျိုးထားရှိမှုမှ ၂၀၂၃-၂၄ ခုနှစ်တွင် ကော်ဖီသီးနှံ တန်ချိန် ၅၃၅၀၀၀ အထိ ထွက်ရှိမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

၂၀၂၃ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံသည် ကော်ဖီတန်ချိန် ၁.၆ သန်းကျော် တင်ပို့ခဲ့ပြီး ပမာဏအားဖြင့် ၈.၇% ကျဆင်းခဲ့သော်လည်း ယမန်နှစ်နှင့် နှိုင်းယှဉ်ပါက တန်ဖိုး ၄.၆% မြင့်တက်လာကာ စံချိန်တင်ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၄.၂၄ ဘီလီယံအထိ ရောက်ရှိခဲ့ကြောင်း၊ ဗီယက်နမ်နိုင်ငံ ကော်ဖီနှင့် ကိုကိုးအသင်း (Vicofa) ၏ အဆိုအရ ဗီယက်နမ်နိုင်ငံ၏ ကော်ဖီထုတ်လုပ်မှုသည် ၂၀၂၂-၂၃ ခုနှစ်၌ တန်ချိန် ၁.၇၈ သန်းရှိရာမှ ၂၀၂၃-၂၄ ခုနှစ်တွင် တန်ချိန် ၁.၆ သန်းမှ ၁.၇ သန်းအတွင်းသို့ လျော့နည်းကျဆင်းမည်ဖြစ်ကြောင်း သိရသည်။

Source: Vietnam News, 11 February 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News