Local News

ဓနုဖြူမြို့နယ်တွင် ဒေသထွက် ဖူးစားပြောင်းဖူး ၁၀၀၀ လျှင် ငွေကျပ် ၇၅၀၀၀ ထိ ဈေးကောင်းရရှိနေ

Last Updated:

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ဒေသထွက်ဖူးစားပြောင်း အဖူး ၁၀၀၀ လျှင် ငွေကျပ် ၇၅၀၀၀ ထိ ဈေးကောင်းရရှိနေကြောင်း ဓနုဖြူမြို့နယ် လယ်ယာထွက် ကုန်ရောင်းဝယ်ရေး ပွဲရုံလုပ်ငန်းရှင် ဒေါ်အေးစန္ဒာက ပြောပြသည်။

     ဓနုဖြူမြို့နယ်တွင် မေလသည်ဖူးစားပြောင်းများ ပေါ်နေသည့်အချိန်ဖြစ်ကာ ပြီးခဲ့သည့် မတ်လနှင့် ဧပြီလက ဖူးစားပြောင်း အဖူး ၁၀၀၀ လျှင် ငွေကျပ် ၃၈၀၀၀ ထိသာဈေးရရှိခဲ့ပြီး ယခုနှစ် မေလ ၁ ရက်မှ (မေလ ၁၈) ရက်နေ့ထိ ဒေသထွက်ဖူးစားပြောင်းအဖူး ၁၀၀၀ လျှင် ငွေကျပ် ၇၅၀၀၀ ထိ ဈေးကောင်းရရှိနေကြောင်း၊ ဖူးစားပြောင်းများ ဈေးကောင်းရရှိခြင်းကြောင့် တောင်သူများအဆင်ပြေကြောင်း သိရသည်။

       “ဓနုဖြူမြို့နယ်က ဖူးစားပြောင်းတွေ ပေါ်နေတဲ့အချိန်ပါ။ ဒေသထွက် ဖူးစားပြောင်းတွေ ဈေးကောင်းရတော့ အခုနှစ် တောင်သူတွေအဆင်ပြေနေပါတယ်။ ဒေသထွက် ဖူးစားပြောင်းတွေကို ရန်ကုန်မြို့ကို အများဆုံး တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။ ရန်ကုန်ဘက်က အဝယ်လိုက်လာပြီး ဈေးကောင်းပါရရှိနေတာပါ။ ကုန်ပစ္စည်းတွေ များများတင်ပို့ရောင်းချနေရ‌ တော့ ကုန်သည်တွေ အဆင်ပြေတာပေါ့။ ဒီဘက်ကထွက်တဲ့ ဖူးစားပြောင်းတွေက ပိုးမွှား ကင်းရှင်းတယ်။ ရောင်းပန်းလှပြီး လူကြိုက်လဲများပါတယ်” ဟု ဓနုဖြူမြို့နယ် လယ်ယာ ထွက်ကုန်‌ရောင်းဝယ်ရေး ပွဲရုံလုပ်ငန်းရှင် ဒေါ်အေးစန္ဒာက ပြောပြသည်။

          ဓနုဖြူမြို့နယ်မှ လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံလုပ်ငန်းရှင်များသည် ဒေသထွက် ဖူးစားပြောင်းများကိုဝယ်ယူပြီး ရန်ကုန်မြို့နှင့် ပုသိမ်မြို့သို့ ၁၀ ဘီးကားများဖြင့် တစ်ရက်လျှင် သုံးစီးမှ ငါးစီးထိ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ အဆိုပါဖူးစားပြောင်းများ ဈေးကောင်းရရှိလာ ခြင်းကြောင့် ပြောင်းစိုက်ဒေသခံတောင်သူများ၊ ကုန်သည်များ၊ ဖူးစားပြောင်းချိုးလုပ်သားများ အဆင်ပြေလျက်ရှိကြောင်း ဓနုဖြူမြို့နယ် လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံလုပ်ငန်းရှင် ဒေါ်အေးစန္ဒာက ပြောပြ၍ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News